ဘားအံ အောက်တိုဘာ ၂၉
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွက်အမြတ်ထားရာ နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်သည်နှင့် အညီ တာဝတိံသာနတ်ပြည်သို့ ကြွတော်မူပြီး ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာ တရားဟောကြားတော်မူခဲ့သည့် ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့် စူဋ္ဌာမဏိစေတီတော်အား ရည်မှန်းပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ မီးပုံပျံလွှတ်တင်ပူဇော်ပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီခန့်က ဘားအံမြို့၊ သီရိကွင်း ၌ ကျင်းပသည်။
ဦးစွာ မီးပုံးပျံများလွှတ်တင်ပူဇော်ကြမည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် သီရိကွင်းအတွင်း နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ ကျင်းပသည့် မီးပုံးပျံလွှတ်တင်ပွဲသည် မြန်မာယဉ်ကျေးမှုဓလေ့ထုံးတမ်း ပွဲတော်တစ်ရပ်ကို ဆင်နွှဲခြင်းဖြစ်သကဲ့သို့ ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်ကို ရည်မှန်းပြီး ကောင်းမှု ကုသိုလ်ပြုသည့် ပွဲလည်းဖြစ်ကာ အစဉ်အလာမပျက်ဆင်နွှဲကျင်းပခြင်းအားဖြင့် ပြည်သူများ၏ စိတ်ဘဝင်ကိုချမ်းမြေ့စေသကဲ့သို့ မြန်မာနိုင်ငံ၏ တည်ငြိမ် အေးချမ်းလာသည့် ပုံရိပ်ကိုလည်း ဖော်ကြူးထင်ဟပ်နိုင်စေမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ထူးမြတ်သည့် သီတင်းကျွတ်လပြည့်နေ့ အခါ သမယတွင် စုပေါင်းညီညွတ်သည့် အင်အားများဖြင့် မီးပုံးပျံများလွှတ်တင်ပူပွဲကျင်းပ ဆောင်ရွက်နိုင် သကဲ့သို့ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးကလည်း ကရင်ပြည်နယ်သာမက တစ်နိုင်ငံလုံးငြိမ်းချမ်းစေရေးအတွက် အတွေးမှန်၊ အမြင်မှန်၊ အသိမှန် များဖြင့် စည်းလုံးညီညွှတ်စွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် နောင်နှစ်များတွင်လည်း ရိုးရာမီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော် ကို အစဉ်အလာမပျက် ဆက်လက်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း မီးပုံးပျံလွှတ်တင်မည့်အဖွဲ့ (၂၀)အား ဂုဏ်ပြု ဆုငွေများပေးအပ် ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သီတင်းကျွတ်လပြည့်နေ့အထိမ်းအမှတ် မီးပုံးပျံများလွှတ်တင် ပူဇော်ပွဲစတင်နိုင် ကြောင်း မင်္ဂလာရွှေမောင်းကို တီးခတ်အချက်ပေးရာ ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များပါဝင်သော မီးပုံးပျံလွှတ်တင်ပူဇော်ရေး အဖွဲ့များက အမြင့် ၄၀ ပေ၊ အောက်ခြေ အချင်း ၈ ပေခန့်ရှိသော မီးပုံးပျံအကြီး ၂၀ လုံးကို လွှတ်တင်ပူဇော်ကြသကဲ့သို့ ဟိုတယ် ဝန်ဆောင်မှု ဆိုင်ရာ(အခြေခံ) သင်တန်းသား/သင်တန်းသူများကလည်း မီးပုံးပျံ (အသေး) အလုံး(၁၀၀)ကို လွှတ်တင်ပူဇော်ကြသည်။
ထိုသို့ မီးပုံးပျံများ လွှတ်တင်ပူဇော်မှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
မီးပုံပျံလွှတ်တင်ပူဇော်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သီရိကွင်း ၌ (၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲကျင်းပနိုင်ရေး ပြိုင်ပွဲကျင်းပမည့် ဒုံးစင်မြင့်မား အဆင့်မြှင့်တင်တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ပြည်နယ်အဆင့် တာဝန်ရှိသူများက ဒုံးစင်မြင့်တည်ဆောက်ပြီးစီးမှုနှင့် မီးအလှဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒုံးအကပြိုင်ပွဲကို ညပိုင်းတွင် ကျင်းပမည်ဖြစ်သဖြင့် ဒုံးစင်မြင့်အား နိုင်ငံတကာ အဆင့်မီ နေ့ခင်းနှင့်အလားသဏ္ဍာတူသည့် အလင်းရောင်မျိုးထွန်းညှိပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရန် မှာကြား ကာ ပြခန်းများတည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)