ပုသိမ် အောက်တိုဘာ ၂၉
ပုသိမ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ကြီးမှ ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက် အသီးသီးတွင် ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော် အရှင်သူမြတ်များအား နှစ်စဥ်ဝါတွင်းကာလ မဟာသံဃိကဒါနအရုဏ် ဆွမ်းလောင်းလှူပူဇော်ပွဲကို ပြုလုပ်ခဲ့ရာ(၁၉) ကြိမ်မြောက် ရှိခဲ့ပြီဖြစ်သည်။ ယနေ့တွင် ဆွမ်းအာဟာရအလှူရှင်များဖြစ်ကြသည့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ဒုတိယ တိုင်းမှူးနှင့်ဇနီး၊ တပ်ရင်းတပ်ဖွဲ့ မိသားစုများမှ သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်းများ လောင်းလှူပူဇော်ခဲ့ကြသည်။
အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲတွင် ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော် အရှင်သူမြတ်များက ကြွရောက်ကာ အလှူခံယူတော် မူခဲ့ကြသည်။ အရုဏ်ဆွမ်း လောင်းလှူပူဇော်ပွဲအပြီးတွင် ပုသိမ်မြို့၏ ကျက်သရေဆောင် ဝိသာခါ (ဒေါ်လှယဥ်) တန်ဆောင်းအတွင်း ရေစက်ချမင်္ဂလာအခမ်းအနားကို ဆက်လက် ကျင်းပပြုလုပ်ခဲ့သည်။ ရေစက်ချမင်္ဂလာအခမ်းအနားတွင် ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြကာ သံဃာတော် အရှင်သူမြတ်ကြီးများအား အလှူရှင်များ ဖြစ်ကြသည့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး အမှူးပြုကာ တပ်ရင်းတပ်ဖွဲ့ မိသားစုများမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် မြို့နယ်သာသနာ့အကျိုးဆောင် အဖွဲ့ကြီးမှ တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး လှူဒါန်းမှုအစုစုအတွက် ညောင်ပင်သာကျောင်းတိုက် ဆရာတော်ထံမှ ရေစက်ချတရားနာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အမျှအတန်း ပေးဝေခဲ့ကြကာ ကြွရောက်တော်မူလာကြသော သံဃာတော်ကြီးများအား အလှူရှင်မိသားစုများက အရုဏ်ဆွမ်းများ ဆက်ကပ်၍ ဧည့်ပရိတ်သတ်များအား နံနက်စာဖြင့် ဧည့်ခံလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဟန် ( ပြန်/ဆက် )