ကလိန်အောင် အောက်တိုဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရှင်ကိုးရှင်ဘုရားတွင် တစ်ရှင်ဖြစ်သည့် ကလိန်အောင်မြို့၏ ကျက်သရေဆောင် သမိုင်းဝင် ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) နံနက်ပိုင်းတွင် အနယ်နယ်အရပ်ရပ်မှ ဘုရား ဖူးမြော်သူများ စည်းကာလျက်ရှိကြောင်း သိရသည်။
ဝါတွင်းကာလကင်းလွတ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် ကလိန်အောင်မြို့ရှိ မြို့သူ/သားများနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဘုရားဖူးဧည့်သည်များမှ ဆံတော်ရှင် ဘုရားတွင် အာရုံဆွမ်း၊ ပန်း၊ ဆီမီး၊ ရေချမ်းများ၊ ကပ်လှူပူဇော်ကြသလို့ နေ့နံအလိုက် ဂြိုလ်ခွင်များတွင် ပန်း၊ ဆီမီး၊ ရေချမ်းများနှင့် ရေသပ္ပာယ်ပူဇော်ဆုတောင်းကြသည်မှာ စည်းကားလျက်ရှိသည်။
ထို့နောက် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူများက အဆိုပါ ဆံတော်ရှင်ဘုရားပေါ်တွင် ရောင်းချလျက်ရှိသည့် ဒေသထွက် အမှတ်တရ လက်ဆောင်ပစ္စည်းများလည်း ဝယ်ယူကြကြောင်း သိရသည်။ ကလိန်အောင်မြို့၏ ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင်စေတီတော် မြတ်ကြီး သည် အမှတ်(၄)ရပ်ကွက်တွင် တည်ရှိပြီး တောင်ခြေမှ ဘုရားတောင်ပေါ်အထိ ၃ မိုင် ၆ ဖာလုံခန့်ရှိကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)