မုံရွာ အောက်တိုဘာ ၂၉
ယနေ့သည် ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ သီတင်းကျွတ် ရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ မုံရွာမြို့ပေါ်တွင် တည်ထားပူဇော်ထားရှိသည့် တန်ခိုးကြီး ဆုတောင်းပြည့်ဘုရားနှင့် ရွှေစည်းခုံဘုရားသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ထိုသို့ အနယ်နယ်အရပ်ရပ်မှလာရောက်ကြသည့် ဘုရားဖူးရဟန်း၊ ရှင်လူပြည်သူများနှင့် ဘိုးဘွားများသည် အဆိုပါတန်ခိုးကြီးဘုရားများတွင် စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုခြင်း၊ တရားဘာဝနာပွားများခြင်းနှင့် ဝါကျွတ်ကာလ အခါသမယအဖြစ် ဆီမီးထွန်းညှိ ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် ဘုရားဖူး ရဟန်း၊ ရှင်လူပြည်သူများနှင့် ဘိုးဘွားများသည် တန်ခိုးကြီး ဆုတောင်းပြည့်ဘုရားနှင့် ရွှေစည်းခုံဘုရားများအား ကြည်ညိုသဒ္ဓါပွားများလျက် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြပြီး ခုနှစ်ရက်သားသမီး အလှူရှင်များအနေဖြင့်လည်း ဘုရားဖူးပြည်သူများ သုံးဆောင်နိုင်ရန်အတွက် အာဟာရဒါနစတုဒိသာများ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။
ထို့အပြင် သီတင်းကျွတ် ဝါကျွတ်ကာလရောက်သည့်အခါ မုံရွာမြို့တွင်သံဃာ့မဟာပဝါယဏာပွဲကြီး ကျင်းပပြုလုပ်ပေးကာ မုံရွာမြို့ပေါ် ရပ်ကွက်များအတွင်းရှိဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင်လည်းဥပုသ်သီလဆောက်တည်သူများ၊ ဒါနသီလဘာဝနာပွားများသူများ၊ စေတနာရှင် အလှူရှင်များ၊ စတုဒီသာကျွေးမွေးသူများ၊ ဆီမီးထွန်းညှိပူဇော်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)