မြဝတီ အောက်တိုဘာ ၂၉
ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲနှင့် စုပေါင်း ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၆ နာရီက အဆိုပါစေတီတော်မြတ်ကြီး မြောက်ဘက်မုဒ်၊ မဟာမြတ်မုနိ ရုပ်ပွားတော်ဝတ်အတွင်း ကျင်းပသည်။
ဦးစွာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခ၊ အမှတ် (၂၇၅) တပ်ဦးကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ဒေါက်တာပညာနန္ဒနှင့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်း၊ အဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြကာ မြသုခ၊ အမှတ်(၂၇၅) တပ်ဦး ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဒေါက်တာပညာနန္ဒက သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) ဖြစ်ပေါ်လာပုံနှင့် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း အကျိုးမြွက်ကြားပေးသည်။ ဆက်လက်ပြီး မြဝတီမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဘုရားရှင်အား ရည်မှန်း ကုသိုလ်ပြုကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က စုပေါင်း၍ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်း ပူဇော်ကြသည်။
ယင်းနောက်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်း အဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အာရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းပေးပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)