ပဲခူး အောက်တိုဘာ ၂၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အောက်တိုဘာလ(၂၈)ရက်နေ့ ညနေပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၌ ပထမဆုံးအကြိမ် သီတင်းကျွတ်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သတင်းကျွတ်မီးထွန်းပွဲတော်ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စျေးရောင်း ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဦးနှင့် မြို့မိ/ မြို့ဖ(၂)ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနင့် ၎င်းတို့၏ ဇနီးများ၊ အမှတ် (၇၇) ခြေမြန်တပ်မ ဌာနချုပ်ဒုတပ်မမှူးနှင့် ဇနီးတို့က သီတင်းကျွတ်မီးထွန်းပွဲတော် ကျင်းပရာ ရွှေမော်ဓောဘုရားလမ်း တစ်လျှောက်ရှိ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများမှ ကျွေးမွေးလှူဒါန်း နေသည့် နိဗ္ဗာန်ဈေးတန်းများ၊ မီးအလှဆင်ရုပ်ပုံ များနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ် လျက်ရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) လူသုံးကုန်၊ စားသုံးကုန်နှင့် စိုက်ပျိုးရေး/မွေးမြူရေးထုတ်ကုန် တိုက်ရိုက်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ သီတင်းကျွတ်မီးထွန်းပွဲတော်အား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် ပထမဆုံးအကြိမ် စတင်ကျင်းပပြုလုပ် ပေးခဲ့ခြင်းဖြစ်ပြီး နိဗ္ဗာန်စျေးများ၊ MSMEs စျေးရောင်းပွဲတော် အရောင်းဆိုင်ခန်းများ၊ သီတင်းကျွတ်အထိမ်းအမှတ် စျေးဆိုင်ခန်းများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ကလေးကစားကွင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)