နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီးတွင် သီတင်းကျွတ်လပြည့်နေ၌ ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများစည်ကား

နတ်မောက် အောက်တိုဘာ ၂၉

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ နတ်မောက်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ ရပ်ကွက်အသီးသီးရှိစေတီပုထိုးများ၌ ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းခဲဖွယ် ကပ်လှူ ပူဇော်၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

နတ်မောက်မြို့ ပြည်သူများသည် ဒေသ၏ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသည့်ဓလေ့ထုံးစံအတိုင်း ဆုတောင်းပြည့်ဘုရားကြီးတွင် ဦးခိုက်ပူဇော်ကာ ပန်း၊ ရေချမ်း၊ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီး ဘုရားစေတီများ၏ အေးချမ်းသည့် အရိပ်အာဝါသအောက်တွင် တရားဘာဝနာပွားများနေကြသူများ၊ ဥပုသ်သီတင်းများ ဆောက်တည်ခြင်းနှင့် ကလေးငယ်များကလည်းဘုရားရင်ပြင်တွင် သန့်ရှင်းရေးများ ပြုလုပ်နေသူများကိုလည်းတွေ့မြင်ရသည်။ ထို့အတူ နတ်မောက်မြို့နယ်အတွင်းရှိ သမိုင်းဝင်ပင်းမြို့ဟောင်းရှင်အရဟံမဟာဗောဓိရွှေညောင်တော်၊ အောင်သပြေညီနောင်နှင့် ရွှေနတ်ကယ်တောင်ဘု ရားတို့တွင်လည်း ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိသည်။

 လှဝင်း