ထားဝယ်ဒေသရှိ ရှင်ကိုးရှင်ဘုရားများနှင့် အထင်ကရဘုရားများတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်းကား

ထားဝယ် အောက်တိုဘာ ၂၉

သီတင်းကျွတ်လပြည့်နေ့သည်‌ ထေရဝါဒဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ကြီးဖြစ်သည့် အားလျော်စွာ ထားဝယ်ဒေသရှိ ရှင်ကိုးရှင်ဘုရားများ၊ ဘုရားပုထိုးစေတီတော်များ၊ ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးတို့တွင် ယနေ့ နံနက်ပိုင်းက ထားဝယ်ဒေသရှိ ဒေသခံပြည်သူများ အပါအဝင် ဘုရားဖူးလာသူများက ဗုဒ္ဓဘာသာဝင်သူများ ပီပီပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ကြသူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။

ထို့ပြင်ဘုရားဖူးလာ ပြည်သူများက အဓိဋ္ဌာန်ပုတီးစိပ်ခြင်း၊ ဂုဏ်တော်များနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ စိတ်ဝင် စားဖွယ်သမိုင်းကြောင်းများ၊ သမိုင်းဝင်ရှင်ကိုးရှင် ဘုရားများ၊ ဘုရားပုထိုး၊ စေတီများသည် ဘုရားဖူးလာ ပရိတ်သတ်များဖြင့် ထင်ရှားကျော်ကြားလျက်ရှိပြီး အပန်းဖြေနားနေစရာအဖြစ် မောင်းမကန် ကမ်းခြေ အပါအဝင် ကမ်းခြေများစွာလည်းရှိသည်။

ရုံးပိတ်ရက်သည် အောက်တိုဘာ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ (၃) ရက် ဖြစ်သည့်အတွက် ထားဝယ်ခရိုင် အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက မိသားစုအလိုက် ဘုရားစေတီပုထိုးများ၊ အပန်းဖြေ နေရာများကို သွားရောက်လည်ပတ်လျက်ရှိကြသည်။ အများပြည်သူ ရုံးပိတ်ရက်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများတို့က မိမိအတွက်သာမက မိသားစုအတွက်ပါ တန်ဖိုးကြီးမားကြသည်။ အချို့ကလည်း မိမိတို့ကြိုတင်စီစဉ်ထားသော ဒေသအတွင်းဘုရားဖူးသွားလာခြင်း၊ အပန်းဖြေစရာကမ်းခြေများသို့ သွားရောက်ခြင်း၊ ဒေသန္တရ ဗဟုသုတများကိုလည်း ရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)