ထားဝယ် အောက်တိုဘာ ၂၉
ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပ လျက်ရှိသော ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၄ နာရီခွဲအချိန်က ထားဝယ်မြို့၊ တလိုင်းမရပ်၊ ဆိပ်ကမ်းသာ လမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်၊ ထားဝယ်မြစ်ကမ်း၌ ရှေးရိုးရာအစဉ်အလာအတိုင်း စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး တိုင်းဒေသကြီး ဝန်ကြီးများနှင့် မြိုမိ/မြိုဖတို့က ထားဝယ်ရိုးရာ သပိတ်မျှောပွဲမုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက အရှင်ဥပဂုတ္ထမထေရ် မြတ်အား သပိတ်မျှော၍ ဆွမ်းဆက်ကပ်ကုသိုလ်ပြုခဲ့ကြပြီး ဒေသခံ ပြည်သူများက ထားဝယ်ရိုးရာသပိတ် မျှောမုခ်ဦးမှစ၍ အကွေ့များပါသော ၀င်္ကဘာကို ပျှော်ရွှင်စွာဖြတ်ကျော်ကာ သပိတ်မျှော၍ ဆုတောင်း ပတ္ထနာပြုပြီး ကုသိုလ်ယူခဲ့ကြသည်။
သပိတ်မျှောပွဲကို နှစ်စဉ်နှစ်တိုင်းသီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်ကျင်းပလေ့ရှိပြီး စေတနာရှင်၊ အလှူရှင်များက သပိတ်မျှောပွဲ လာရောက် ကြည့်ရှုသူများကို စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ သပိတ်မျှောပွဲတွင် မီးပုံးပျံအငယ်လွှတ်တင်ခြင်း၊ ထားဝယ်ရိုးရာယဉ်ကျေးမှုအက၊ ထားဝယ်ဒေသ သပိတ်မျှောပွဲ အက၊ ရွှေဝယ်သူများရေအိုးရွက် ယိမ်းအက၊ သမိုင်းအလှ တနင်္သာရီအက၊ ရှေးထားဝယ်ရိုးရာ ယမ်းအက၊ ဒန်းဂျွတ် သပိတ်မျှောအက၊ အိုးစည်အက၊ ဆိုဗန်မား မိမိဝေးအက များဖြင့် သီဆိုဧည့်ခံ ဖျော်ဖြေ ခြင်းများ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများက ကြည်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခဲ့သည်။
သပိတ်မျှောပွဲတော်သည် အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူး၍ ထားဝယ်ရိုးရာ မြေသပိတ်အထဲတွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုးစသည့် လှူဖွယ်များကိုထည့်ပြီးတံခွန်၊ ကုက္ကားများ စိုက်ထူ၍ ဆီးမီးများ ထွန်းညှိကာ သပိတ်မျှောခဲ့ခြင်းဖြစ်ပြီး ရာသီဥတုမိုးလေဝသကောင်းမွန်စေရန်၊ ဆန်ရေစပါးစီးပွားဥစ္စာပေါများ တိုးတက်စေရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့် မကောင်းသော ဘေးဘယာကံကြမ္မာ အပေါင်းကင်းဝေးလွှတ်မြောက်စေရန် ဆုတောင်းပတ္တနာပြုသည့် ရည်ရွယ်ချက်ဖြင့် ထားဝယ် တိုင်းရင်းသားလူမျိုးများက ရှေးအစဉ်အဆက်မှ ယနေ့တိုင် သပိတ်မျှောပွဲတော်ကို ကျင်းပလာခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ဝါလကင်းလွတ်သီတင်းကျွတ်သည်နှင့် ဒေသအလိုက်ရိုးရာ အစဉ်အလာမပျက်ပွဲတော် များကို ကျင်းပဆောင်ရွက်လျက်ရှိရာ သီတင်းကျွတ်ကာလနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသတွင်ရှိသော ထေရဝါဒဗုဒ္ဓဘာသာဝင်များက တောင်သမုဒ္ဒရာ၌ စံနေတော်မူသော အရှင်ဥပဂုတ္ထ မထေရ်မြတ်အား ရည်စူး၍ သပိတ်မျှောပွဲတော်ကို ကျင်းပလေ့ရှိပြီး သပိတ်မျှောပွဲကို ထားဝယ်မင်းများ လက်ထက်မှ စတင်၍ ကျင်းပခဲ့ခြင်းဖြစ်ကာ ယနေ့တိုင် ထားဝယ်ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုအနေဖြင့် တည်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
သပိတ်မျှောပွဲကို နံနက် ၄ နာရီမှစ၍ နံနက် ၆ နာရီအထိ ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် သပိတ်မျှောကုသိုလ်ယူလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)