မအူပင်မြို့တွင် နှစ်စဉ်အစဉ်လာမပျက် မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပ

မအူပင် အောက်တိုဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများမှ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား နှစ်စဉ် အစဉ်အလာမပျက် မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ မြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်လှူပွဲအား ရေလဲလမ်းနှင့် မြို့ရှောင်လမ်းထိပ်မှ စတင်၍ ရေလဲ လမ်းတစ်လျှောက်၊ ရေလဲလမ်းမှ ဆယ်လမ်း၊ ဆယ်လမ်းမှ ကမ်းနားလမ်း၊ ကမ်းနားလမ်းမှ ဘုရားလမ်း၊ ဘုရားလမ်းမှ မင်းလမ်းအတိုင်း သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများ ကြွချီခဲ့ကြရာ လမ်းတစ်လျှောက် တပည့်ဒါယကာ၊ ဒါယိကာမများ၊ အသင်းအဖွဲ့များ၊ မြို့ပေါ်(၁၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများမှ ဆွမ်းဆန်တော်များ လောင်းလှူခြင်း၊ ပဒေသာပင်များ မဲနှိုက်ကပ်လှူခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

မအူပင်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်း (၈၀)ကျော်၊ သီလရှင်ကျောင်း (၂၀)ကျော်မှ သံဃာတော် အပါး(၁၂၀၀)ကျော်၊ သီလရှင်ဆရာကြီး၊ ဆရာလေးအပါး (၃၀၀)ကျော်ရှိရာ စုစုပေါင်း အပါး (၁၅၀၀)ကျော်အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မအူပင်ခရိုင် (ပြန်/ဆက်)