​ရေတာရှည်မြို့နယ်၌ ကုန်စုံဆိုင်၊ စတိုးဆိုင်များနှင့် ဆေးဆိုင်များအား အစားအသောက်နှင့် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများ ကြည့်ရှုစစ်ဆေး

ရေတာရှည် ​အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ရေတာရှည်မြို့ပေါ် ကုန်စုံဆိုင်၊ စတိုးဆိုင်များနှင့် ​ဆေးဆိုင်များကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦး​ဇော်​​ဇော်ထွေးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ ​နံနက်ပိုင်းက အစားအသောက်၊​ ဆေးဝါးနှင့် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/မရှိတို့ အား စစ်ဆေးကြည့်ရှုခဲ့သည်။

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရန် ပြဋ္ဌာန်းထား ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဥ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်ကို အရောင်း ဆိုင်များသို့ ဖြန့်ဝေထားပြီးဖြစ်ကြောင်းနှင့် အရောင်းဆိုင်များအနေဖြင့် သတ်မှတ် ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်းမရှိ‌‌သော ကုန်စည်များကို ရောင်းချခြင်းမပြုကြ ရန် အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)