အိမ်မဲ အောက်တိုဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ စေတီ၊ ပုထိုး၊ တန်ဆောင်းများ၌ သီတင်းကျွတ်လဆန်း (၁၄) ရက် ညနေပိုင်းတွင် ဆွမ်းတော်ကြီးကပ်နေ့အဖြစ် ဘုရားဖူးလာ ပြည်သူများအား အကျွေးအမွေးများဖြင့် လှူဒါန်းနေကြကြောင်း သိရသည်။
ထိုကဲ့သို့ ကျွေးမွေးလှူဒါန်းရာတွင် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအရ အလှူရှင်များ၊ ဘုရားဂေါပကများက ဦးဆောင်ပြီး ဘုရားဖူးလာပြည်သူများအား ကြာဆံချက်၊ ပေါင်မုန့်အုန်းနို့ဆမ်း၊ ခေါက်ဆွဲ မုန့်ဟင်ခါး၊ ကြာဆံကြော်အစရှိသည့် မုန့်များဖြင့် ကျွေးမွေး လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့တည် သမိုင်းဝင်ရှင်ပင်ချမ်းသာကြီးဘုရားတွင် သီတင်းကျွတ်လပြည့်နေ့၌ ဆီမီးတစ်ထောင် ကပ်လှူပူဇော်ပွဲကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဘုရားဂေါပကထံမှသိရ သည်။
အိမ်မဲမြို့နယ်အတွင်း နှစ်စဥ် သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့တွင် စေတီ၊ ပုထိုးများ၊ ဘုရားကျောင်းကန်များ၊ တန်ဆောင်များ၌ အစဥ်အလာမပြတ် ဘုရားဖူးလာပြည်သူများအား ဆွမ်းတော်ကြီးကပ်နေ့အဖြစ် အကျွေးအမွေးများဖြင့် လှူဒါန်းကြကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)