ဘားအံ အောက်တိုဘာ ၂၉
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုး) လမ်းအား လမ်းအထူးအဖွဲ့-၂၂ မှ မူလ ၁၂ ပေအကျယ်လမ်းအား ၁၈ ပေအကျယ်ချဲ့ ကတ္တရာခင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ညိုနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က သတ်မှတ်စံချိန် စံညွှန်းများနှင့် အညီ အချိန်မီပြီးစီးနိုင်ရေး မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ထန်းတပင် လမ်းဆုံ-ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်လမ်း (၄ ဒဿမ ၀၂၃ ကီလိုမီတာ) အား ကတ္တရာလမ်းချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းသည့် အပိုင်း (၁ ဒဿမ ၆၀၉ ကီလိုမီတာ)အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး စောကျော်ဝင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းများတွင် ရေမြောင်းများ ထည့်သွင်းဆောင်ရွက် ပေးရန်၊ သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ အချိန်မီပြီးစီးရန် မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် (၆၈)နှစ်မြောက်ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင်ရိုးရာ ယဉ်ကျေးမှုဒုံးအကပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်းလေ့ကျင့်နေသော ပိုင်ကျုံမြို့ ယဉ်ကျေးမှုလူငယ် မောင်မယ်ဒုံးအဖွဲ့၏ မြူးကြွသွက်လက်မြိုင်ဆိုင်စွာ သီဆိုကပြ ဖျော်ဖြေမှုအား ကြည့်ရှုအားပေးပြီး ဂုဏ်ပြုထောက်ပံ့ငွေ ကျပ်(၃)သိန်းကို ပေးအပ်ချီးမြှင့်ကာ အားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အထက်ပိုင်ကျုံဘုန်းတော်ကြီးကျောင်းအနီး ပိုင်ကျုံချောင်း ကမ်းပြိုမှုအခြေအနေ၊ အထက်ပိုင်ကျုံ ကျောင်းသစ်အနီး ကမ်းပြိုကျမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း မြေထိန်းနံရံများ တည်ဆောက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက် သော အထက်ပိုင်ကျုံလမ်း ၁၈ ပေ အကျယ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၆၅၀၀ ပေ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်စီတွင် ရေမြောင်းများ ထည့်သွင်း ဆောင်ရွက်ရန်၊ လမ်းပခုံးများ စနစ်တကျဖြစ်စေရန် မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပိုင်ကျုံမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံတက်ရောက်နေသူများအား တစ်ဦးချင်း ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် သက်သာ ပျောက်ကင်းမှုအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး အာဟာရ ဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ကာ ဆေးရုံအုပ်ကြီးထံ အထွေထွေအသုံးစရိတ်ငွေကျပ် (၃)သိန်းနှင့် အဆိုပါ ဆေးရုံတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား စားသောက်ကုန် များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပိုင်ကျုံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား အားပေးစကားများပြောကြားကာ ဝန်ထမ်းများအတွက် အထွေထွေအသုံးစရိတ်ငွေကျပ်(၃)သိန်းကိုထောက်ပံ့ပေးအပ်သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)