ချောင်းသာ အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ သီတင်းကျွတ်ကာလတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားလျက်ရှိရာ ယနေ့တွင် ချောင်းသာကမ်းခြေ တစ်လျှောက်တွင် အပမ်းဖြေသူ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကမ်းခြေတွင် မြို့အုပ်ချုပ်ရေးမှူးဦးသီဟအောင်ဦးဆောင်မှုဖြင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ပြန်/ဆက်၊ နယ်မြေခံတပ်/ရဲများ၊ မီးသတ်ဝန်ထမ်းများပါဝင်သည့် ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကမ်းခြေတွင် စျေးရောင်းချနေကြသော စျေးသည်များအား စျေးဆိုင်နေရာများကို သတ်မှတ်နေရာများတွင် စနစ်တကျ ခင်းကျင်းရောင်းချရန်၊ စွန့်ပစ်သည့် အမှိုက်များအား စနစ်တကျစွန့်ပစ်ကြရန်နှင့် ကမ်းခြေသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ နားနေအပမ်းဖြေနိုင်ရန်အတွက် ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ချောင်းသာမြို့ ချောင်းသာကမ်းခြေသို့ လာရောက်အပမ်းဖြေကြသည့် ခရီးသွားဧည့်သည်များသည် ချောင်းသာကမ်းခြေအပြင် ဖိုးကလားကျွန်း၊ သဲဖြူကျွန်းသို့ စက်လှေ၊ မော်တော်ဘုတ်များဖြင့်လည်းကောင်း၊ ကျောက်မောင်နှစ်မသို့ ကား၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်များဖြင့်လည်းကောင်း သွားရောက် အပမ်းဖြေနိုင်ကြောင်း သိရှိရသည်။
ကျော်ကျော် (ပြန်/ဆက်)