သဲကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ (၄၁)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲ အခမ်းအနားကျင်းပ

သဲကုန်း  အောက်တိုဘာ  ၂၈

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် ဆရာကြီး၊ ဆရာမကြီးများအား ကျောင်းသား၊ ကျောင်းသူဟောင်းများမှ ပူဇော်ကန်တော့ပွဲကို ယနေ့ နေ့လယ် ၁ နာရီက အဆိုပါကျောင်းရှိ သာဓုခန်းမ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို ကျောင်းသားဟောင်းတစ်ဦးက မြတ်ဆရာတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဆရာမကြီး ဒေါ်သိန်းသိန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ဆရာကြီး၊ ဆရာမကြီးတို့အား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး ကျောင်းအုပ်ဆရာကြီး ဦးသိန်းဆွေ နှင့်ဆရာမကြီး ဒေါ်သန်းသန်းဌေးတို့မှ ဆုံးမဩဝါဒစကား ပြောကြားခဲ့သည်။

အဆိုပါ (၄၁)ကြိမ်မြောက် အာစရိယပူဇော်ကန်တော့ပွဲသို့  မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ပညာ‌ရေးဝန်ထမ်းမိသားစုများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ စုံညီစွာတက်ရောက်ဂါရဝပြု ကန်တော့ခဲ့ကြ ကြောင်း သိရသည်။

ကိုကျော်(ပြန်/ဆက်)