မင်းလှ အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် နှစ်စဥ်ကျင်းပလျက်ရှိသည့် သီတင်းကျွတ် ဝါထွက်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို အမှတ်(၆) ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌ ယနေ့နေ့လယ် ၁ နာရီချိန်ကကျင်းပရာ မြို့သူမြို့သားများ ပျော်ရွင်စွာ ဆင်နွဲလောင်းလှူခဲ့ကြောင်း သိရသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့ပေါ်ဘုန်းတော်ကြီးကျောင်း(၃၃) ကျောင်းမှ သံဃာတော်အရှင်သူမြတ်များ ကြွရောက်အလှူခံရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမူရေးအဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများက ဆန်၊ ဆီ၊ ဆား၊ လက်ဖက်ခြောက်၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ဖယောင်းတိုင်နှင့်အခြားလှူဖွယ် ပစ္စည်းမျိုးစုံတို့ကို လောင်းလှူခဲ့ကြသည်။
ထို့အပြင် ဘုရားအမှူးထား၍ သံဃာတော်များက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ဆွမ်းဆန်စိမ်းလှည့်လည် အလှူခံကြွချီရာ မြို့သူ/မြို့သားများက ဆန်၊ ဆီ၊ ဆားနှင့် အခြားလှူ ဖွယ်ပစ္စည်းမျိုးစုံတို့ကို စေတနာထက်သန်စွာလောင်းလှူ ဆင်နွဲခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)