မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာန၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာ အသိပညာပေးဟောပြော

မြဝတီ အောက်တိုဘာ ၂၈

ကရင်ပြည်နယ်၊  မြဝတီမြို့နယ်အတွင်းရှိ   မော်တော်ယာဉ်၊  မော်တော်ဆိုင်ကယ်  မောင်းနှင်သူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ  သိကောင်းစရာများ  သိရှိစေရေးအတွက်  အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အမှတ်(၇၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဟောပြောပေးခဲ့ရာ  ရွှေမြဇော်စင်းလုံးငှားသုံးဘီးယာဉ်  အသင်းသား ၃၅ ဦး တက်ရောက်ကြသည်။

ဟောပြောပွဲတွင် အမှတ်(၇၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြဝတီ)မှ  တပ်ဖွဲ့စုမှူး  ဒုတိယရဲမှူး  အောင်လင်းဌေးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်တွင် ပါဝင်သည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်မောင်းနှင်စဉ် သိရှိလိုက်နာရမည့်အချက်များ၊  နေ့စဉ်ခရီးသွား လုပ်သားပြည်သူများယာဉ် အန္တရာယ်ကင်းရှင်းစေရေး ဂရုပြုရမည့်လမ်းညွှန်၊ လမ်းအမှတ်အသားဆိုင်ရာအချက်များ၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်း၊   အရက်သေစာသောက်စား   မောင်းနှင်ခြင်းမပြုကြရေး၊  မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းကန့်သတ်ချက်များနှင့် မော်တော်ယာဉ် ဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များအားသိရှိစေရန် ပရိုဂျက်တာဖြင့် ရှင်းလင်း‌ဟောပြောပေးပြီး တက်ရောက်ကြသည့် အသင်းသားများက သိရှိလိုသည့်အချက်များ  မေးမြန်းကြရာ  ပြန်လည်ဖြေကြားပေးသည်။

အလားတူ မြဝတီမြို့နယ်အတွင်းကျန်ရှိသည့် ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲများ အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)