စားသုံးဆီများကို ပြင်ပပေါက်စျေးထက် ဈေးနှုန်းသက်သာစွာဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအားရောင်းချပေး

ကန့်ဘလူ အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင် ဦးဆောင်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်၍ ဆီကုန်သည်များနှင့် ပူးပေါင်းကာ ယနေ့နံနက် ၈ နာရီက ခရိုင်စုပေါင်းရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့စားသုံးဆီများရောင်းချပေးရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ သက်သာသောနှုန်းဖြင့် ဝယ်ယူနိုင်စေရန် လူတစ်ဦးလျှင် စားသုံးဆီ ၁ ပိဿာကို ၅၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး  လူဦးရေ ၁၃၂၀ ဦးအတွက် စားသုံးဆီ ၁၃၂၀ ပိဿာကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါစုပေါင်းရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆန် ၁ ပြည်နှင့်ကြက်ဥ ၅ လုံးတို့ကို ကျပ် ၃၆၀၀ နှုန်းဖြင့် ဝန်ထမ်းများ၏ နေ့စဥ်စားသောက်ရေးအတွက် အထောက်အကူပြုနိုင်ရန် စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)