နတ်မောက်မြို့နယ်တွင် ချည်မျှင်ရှည်ဝါများ ဈေးကွက်သို့တွင်တွင်ကျယ်ကျယ်ဝင်ရောက်

နတ်မောက် အောက်တိုဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တောင်သူများသည်  စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်သည့် ချည်မျှင်ရှည်ဝါများကို စိုက်ပျိုးခဲ့ရာ ယခုအခါ ဝါများထွက်ရှိလာပြီဖြစ်၍ ဈေးကွက်အတွင်းသို့ တွင်တွင်ကျယ်ကျယ်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ် ကျေးရွာများတွင် ချည်မျှင်ရှည်ဝါသီးနှံများကို ဇွန်လဒုတိယပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ရက်ပေါင်း(၉၀)ခန့်တွင် ဝါပွင့်များပေါက်လာ၍ တောင်သူများက ဆွတ်ခူးကာ ဝါအဝယ်ဆိုင်များ၊ ပွဲရုံများသို့ရောင်းချနေကြကြောင်း၊ ယခုနှစ် ဝါသီးနှံပေါ်ချိန် စက်တင်ဘာတတိယပတ်တွင် ဝါစတင်ဝယ်ယူကြပြီး ဝါတစ်ပိဿာ ၂၇၀၀ ကျပ်ဖြင့် ဈေးဖွင့်ကာ အောက်တိုဘာကုန်ခါနီးတွင် ဝါတစ်ပိဿာ ၃၃၀၀ ကျပ်အထိ ဈေးပေးဝယ်ယူနေကြကြောင်း၊ ယခင်နှစ်က ဈေးကွက်ဖွင့်စ စက်တင်ဘာလတွင် ဝါတစ်ပိဿာ ၂၅၀၀ ကျပ်ဈေးဖြင့် ဝယ်ယူပြီး ရာသီကုန်ခါနီးတွင် ဝါတစ်ပိဿာ ၃၀၀၀ကျပ်နှုန်းဖြင့် ဝယ်ယူကြကြောင်း ဝါပွဲရုံပိုင်ရှင် ကိုဟန်ဇော်ကြီးက ပြောသည်။

နတ်မောက်မြို့နယ်တွင် မိုးချည်မျှင်ရှည်ဝါများကို စိုက်ပျိုးရေးဦးစီးဌာနက ဖြန့်ဖြူးသည့် ရွှေတောင်(၈) ရွှေတောင်(၁၀) ဝါမျိုးစေ့များ၊ ပုဂ္ဂလိကများက ဖြန့်ဖြူးသည့် ဒေသဝါမျိုးစေ့များကို ဝယ်ယူစိုက်ပျိုးကြပြီး အောင်မြင်ဖြစ်ထွန်းမှုရှိသဖြင့် တောင်သူများ ပုံမှန်ဝင်ငွေရနေပြီဖြစ်ကြောင်း၊ ယခုနှစ်မိုးစိုက်ချည်မျှင်ရှည်ဝါဧက စုစုပေါင်း (၂၆၆၃၁) ဧကကိုစိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုထံက သိရသည်။

မူမူစန်း