ပုသိမ် အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပြိုင်ပွဲများတွင် ပထမဆုရရှိသောအသင်းများ၏ သရုပ်ပြမှုကို ကြည့်ရှုအားပေးပြီးနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ကိုးယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဖျာပုံမြို့နယ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး၏ဇနီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် လပွတ္တာမြို့နယ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးဥပဒေချုပ်ကလည်းကောင်း၊ ပထမဆုရရှိသည့် ငပုတောမြို့နယ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို စီးပွားရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊ သုံးယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသည့် ပုသိမ်မြို့နယ်၊ ဒုတိယဆုရရှိသည့် ငပုတောမြို့နယ်နှင့် ပထမဆုရရှိသည့် လပွတ္တာမြို့နယ်မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊ တစ်ဦးချင်းပြိုင်ပွဲတွင် တတိယဆုရရှိသည့် ငပုတောမြို့နယ်၊ ဒုတိယဆုရရှိသည့် ပုသိမ်မြို့နယ်နှင့် ပထမဆုရရှိသည့် လပွတ္တာမြို့နယ်မှ အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီးနောက် ပထမဆုရရှိခဲ့သည့် လပွတ္တာမြို့နယ်အသင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပထမဆုဖလားပေးအပ်ချီးမြှင့်ခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ပြိုင်ပွဲဝင် အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။ အဆိုပါပြိုင်ပွဲများကို ယခုလ(၂၆) ရက်နေ့မှ (၂၇)ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆) မြို့နယ်မှ ပြိုင်ပွဲဝင် ကစားသမား (၃၃၈) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)