ဓနုဖြူ အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေပိုင်းက ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
ဓနုဖြူမြို့၊ မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဝင်းအောင်သူနှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊ စျေးကော်မတီဝင်များနှင့် ဈေးသူ/ဈေးသားများ ပူးပေါင်း၍ တွေ့ဆုံ ဆွေးနွေးကြပြီး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိမှုများအား ဈေးရုံအတွင်း လှည့်လည် စစ်ဆေးကြည့်ရှုကာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးသန်းထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဥ်ဖြင့် မီးငြှိမ်းသတ်ပြခြင်း၊ မီးသတ်ဆေးဘူး အသုံးပြုပုံအား ရှင်းလင်းပြောကြားခြင်း၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်မှုများကို သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းအောင်သူနှင့် အဖွဲ့ဝင်တို့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)