မိုးညိုမြို့နယ်တွင် တရုတ်ကန်စွန်းတစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မိုးညို အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊‌ ညောင်ဝိုင်းကျေးရွာ၊ နဒီဧရာလမ်းရှိ တောင်သူဦးတင်ထွန်း၏ အိမ်ခြံမြေအတွင်း တရုတ်ကန်စွန်း(ဒေသအခေါ်) တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။

ကန်စွန်းစိုက်ပျိုးရာတွင် အကျယ် ၃ ပေရှိတဲ့ မြောင်းဘောင်များပြုလုပ်ပါတယ်၊ အပင်ပွားနူန်း/အပင်သန်နှုန်းကောင်းစေရန် မြောင်းဘောင်ကို ပေါင်း၊ မြက်များ သန့်စင်အောင်ပြုလုပ်၍ သဘာဝမြေဩဇာ (သစ်ရွက်ဆွေး)နှင့် မြေကိုရောစပ်ပြီး အသုံးပြု‌ကြောင်း၊ တရုတ်ကန်စွန်း(မျိုးစေ့အထုပ်)အစေ့ကို ၃ ပေအကျယ်ရှိတဲ့ မြောင်းဘောင်မှာ တစ်ကျင်းကိုအစေ့ ၄ စေ့ဖြင့် ၄/၅ ကျင်းစိုက်ပျိုး‌ကြောင်း၊ စိုက်ပျိုးပြီးရက် ၃၀ ခန့်တွင် ကန်စွန်းညွန့်များကို စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ရောင်းချရာတွင်တော့ ကန်စွန်းညွန့် ၁၀ ညွန့်ပါတစ်စည်းကို ဒေသပေါက်ဈေး ၈၀ ကျပ်ဖြင့် ဖောက်သည်ပေးရပြီး အညွန့်ပွားချိန်တွင် တစ်ခါခူးလျင်အစည်း ၂၀၀ မှ၂၅၀ ခန့်ရရှိ‌ကြောင်း၊‌ မြေကွက်လပ်အနည်းငယ်ရှိရုံဖြင့် စိုက်ပျိုးနိုင်ကြောင်း၊ ကန်စွန်းညွှန့်ထွက်နူန်းမကောင်းတော့ပါက အပင်များအား ဖျက်ဆီး၍ အသစ်ပြန်လည်စိုက်ပျိုးကြောင်း စိုက်ပျိုးသူထံမှ သိရသည်။

ကိုမင်း(ပြန်/ဆက်)