မကွေး အောက်တိုဘာ ၂၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် သယံဇာတရေးရာဝန်ကြီးဌာနဝန်ကြီး ဦးစိုင်းမြင့်အေးနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါကာ အောက်တိုဘာလ ၂၆ ရက်နေ့က အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်း အောင်လံမြို့ အဝေးပြေးယာဉ်ရပ်နားစခန်း ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပြီး၊ ကံမလေးဆိုလာ လျှပ်စစ်မြစ်ရေတင် စီမံကိန်း(၃၀၀)ဧကနှင့် အောင်လံခရိုင်စုပေါင်းရုံး အဆောက်အဦ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် အောင်လံမြို့ အဝေးပြေး ယာဉ်ရပ်နားစခန်း တည်ဆောက်မည့်လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး၊ တည်ဆောက်ရေး ရှင်းလင်းဆောင်တွင် အောင်လံမြို့ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ခြင်းလုပ်ငန်းတွင် Express ဂိတ်၊ ကားလေးဂိတ်၊ ကုန်ကားဂိတ်၊ စျေးဆိုင်ခန်း၊ စားသောက်ဆိုင်ခန်းနှင့် ပွဲရုံမြေကွက်များ ဆောင်ရွက်မည့်လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ တည်ဆောက်ရေးကုမ္ပဏီနှင့် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်ကာလ၂၀၂၄-ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့မတိုင်မီ သတ်မှတ်စံနှုန်းများနှင့်အညီ အပြီးတည်ဆောက်နိုင်ရေးနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေး ပုံစံငယ်အား ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောင်လံမြို့ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ပန္နက်တော် တင်မင်္ဂလာ ဆောင်ရွက်ရန် သတ်မှတ်နေရာ အသီးသီးတွင် နေရာယူကာ မင်္ဂလာအချိန်တွင် မင်္ဂလာပန္နက်တိုင်များ စိုက်ထူခဲ့ပြီး၊ မင်္ဂလာပန္နက်တိုင်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
အဆိုပါ အောင်လံမြို့ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ခြင်းကို (၁-၉-၂၀၂၃) ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၄-ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့ မတိုင်မီ ဘဏ္ဍာရေးနှစ် တွင်ပါရှိသည့် Express ဂိတ်ခန်း(၈)ခန်း၊ ကားလေးဂိတ်ခန်း(၅)ခန်း၊ ကုန်စည်ဂိတ်ခန်း(၂)ခန်း၊ စျေးဆိုင်ခန်း(၇)ခန်း၊ စားသောက်ဆိုင်ခန်း (၄)ခန်း၊ စုစုပေါင်း (၂၆)ခန်းအား အပြီးတည်ဆောက် ရမည်ဖြစ်ပြီး၊ Infrastructure လုပ်ငန်း(၉)ခုဖြစ်သော တံတား(၃)စင်းတည်ဆောက်ခြင်း၊ ပတ်လမ်း ကွန်ကရစ်ခင်းခြင်း၊ အုတ်တံတိုင်းကာရံခြင်း၊ အဝင်/အထွက်ဂိတ်တံခါးများ ဆောင်ရွက်ခြင်း၊ အများသုံးသန့်စင်ခန်း(၈)ခန်းတွဲ (၂)လုံးတည်ဆောက်ခြင်း၊ Transformerနှင့် ၄၀၀ ဗွီ ဓာတ်အားလိုင်းသွယ်တန်းခြင်း၊ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစက်ရုံ၊ အုတ်ရေကန် တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းတို့ကို ၂၀၂၄-ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့ မတိုင်မီပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်လံမြို့နယ် ကံမလေးဆိုလာ လျှပ်စစ်မြစ်ရေတင် စီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ကံမလေးဆိုလာ လျှပ်စစ် မြစ်ရေတင်စီမံကိန်း တာဝန်သူများမှ စီမံကိန်းစတင် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေအနေများ၊ စိုက်ပျိုးရေပေးဝေ ဆောင်ရွက်မှု၊ စိုက်ဧက ၃၀၀ ပြည့်မီရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများအား စပါးစိုက်ပျိုးမှုနှင့် ပတ်သက်၍ စိုက်ပျိုးရေး အသိပညာပေး အသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားကာ၊ တောင်သူများအနေနဲ့ မိမိတို့စိုက်ပျိုးသည့် သီးနှံများဈေးကောင်းရရှိရန် မျိုးကောင်း/မျိုးသန့်များကို ရွေးချယ်စိုက်ပျိုး ဖို့လိုအပ်သလို စပါးတစ်ဧကလျှင် တင်း(၁၅၀)ထိ ထွက်ရှိနိုင်ပြီး တစ်ဧကဝင်ငွေ ပိုမိုရရှိနိုင်သော စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူများ လူမှုစီးပွားဘဝမြင့်မားစေရန် ရည်ရွယ်၍ မြစ်ရေတင်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြစ်ရေတင်စီမံကိန်းမှ စိုက်ပျိုးရေရရှိနေပြီဖြစ်တဲ့အတွက် တန်ဖိုးရှိစိုက်ပျိုးမြေများကို မြေလှပ်မထားဘဲ တစ်နှစ်လျှင်(၃)သီး ရရှိအောင် စိုက်ပျိုးဆောင်ရွက်ကြဖို့၊ မိုးရာသီမှာ မိုးစပါး၊ မိုးနှမ်း၊ ပဲတီစိမ်း သီးနှံများကိုလည်းကောင်း၊ ဆောင်းရာသီမှာ ကုလားပဲ၊ နေကြာ(သီးညှပ်)နှင့် နွေရာသီမှာ နွေစပါး၊ နွေနှမ်း စသည့်သီးနှံများ စိုက်ပျိုးဆောင်ရွက်သွားကြဖို့၊ လယ်(၁)ဧက ပိုင်ဆိုင်သည့် တောင်သူအနေဖြင့် (၂)သီးစိုက်လျှင် (၂)ဧက၊ (၃)သီး စိုက်လျှင် (၃)ဧက ပိုင်သကဲ့သို့ အကျိုးစီးပွားဖြစ်ထွန်းနိုင်သဖြင့် တစ်နှစ်လျှင်(၃)သီး ဝင်ဆံ့အောင် စိုက်ပျိုးဆောင်ရွက်သွားကြဖို့၊ တောင်သူများ အနေဖြင့် နိုင်ငံတော်အား အထောက်အကူပြုနိုင်စေရေးကို အလေးထား၍ သီးနှံများအထွက်တိုး အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသောဒေသခံ တောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍ ဒေသလိုအပ်ချက် ဆွေးနွေးတင်ပြမှုများအပေါ် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးကာ၊ ကံမလေးဆိုလာ လျှပ်စစ်မြစ်ရေတင် စီမံကိန်းမှ စိုက်ပျိုးရေဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အောင်လံခရိုင် စုပေါင်းရုံး(၂၂၀၀၀)စတုရန်းပေ သံကွန်ကရစ်(၂)ထပ် အဆောက်အဦ ဆောက်လုပ်မှုအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့် တည်ဆောက်ရေးကုမ္ပဏီ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်စံနှုန်းနှင့်အညီ အရည်အသွေးပြည့်မှီစွာ အချိန်မှီပြီးစီးအောင် ဆောင်ရွက်ရန်နှင့်အခြား လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ