အုတ်တွင်း အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်ယူကြမည့် ဆရာ/ဆရာမများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ယနေ့ နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ သင်တန်းဖွင့်လှစ် ပို့ချခဲ့သည်။
သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းနည်းပြ(၄)ဦး ဖြစ် သင်ကြားပို့ချပေးပြီး မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား လုပ်ငန်းလမ်းညွှန်ချက်များအတိုင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲပေးပုံအဆင့်ဆင့်၊ ဆန္ဒမဲရေတွက်မှုများ၊ ထုပ်ပိုးပုံအဆင့်ဆင့် ကျန်းမာရေးနှင့် လုံခြုံရေး၊ မဲရုံတည်နေရာအခင်းအကျင်း၊ မဲစာရင်းစစ်ဆေးသူ၊ မဲလက်မှတ်ထုတ်ပေးသူ၊ မှင်တို့ပေးသူ တာဝန်ဝတ္တရားများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိ သည်။
အဆိုပါသင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ အုတ်တွင်းမြို့နယ်ရှိ မဲရုံပေါင်း(၁၅၃)ရုံရှိပြီး မဲရုံမှူး၊ ဒုတိယမဲရုံမှူး (၃၀၆)ဦးအား ရပ်ကွက်/ ကျေးရွာ အုပ်စုခွဲ၍ မနက် တစ်ကြိမ်၊ ညနေတစ်ကြိမ် အချိန်နှစ်ပိုင်းခွဲပြီး အောက်တိုဘာ(၂၁)ရက်နေ့မှ အောက်တိုဘာ(၂၅) ရက်နေ့ အထိ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရ သည်။
ခင်မာ(ပြန်/ဆက်)