အင်းတော် အောက်တိုဘာ ၂၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံးနှင့် အင်းတော်မြို့ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အင်းတော်မြို့ အင်းမြသာယာ အားကစားခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
မိမိတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်အားကစာသမားများ၊ ကျောင်းသား/ကျောင်းသူများကို အသိပညာပေးဟောပြောပွဲများ၊ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲများ၊ နံရံကပ်စာစောင်ပြပွဲများကို အခါအားလျှော်စွာ ပြသဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ လူငယ်လူရွယ် အားကစာသမားများ ကျောင်းသူ/ကျောင်းသားများအနေဖြင့် အသိပညာ ဗဟုသုတများ မြှင့်မားတိုးတက်လာပြီး နိုင်ငံတော်၏ အားကိုးအားထားပြုရမည့် လူချွန်လူကောင်းများ ပေါ်ထွက်လာနိုင်ရေး၊ ထူးချွန်သည့်အားကစားသမားကောင်းများ ထွက်ပေါ်လာရေးတို့အတွက် ယခုကဲ့သို့ လူငယ်အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်သီဟက ပြောပြခဲ့သည်။
အဆိုပါ အဖွဲ့သည် နံနက် ၁၀ နာရီအချိန်၌ အင်းတော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန Youth Camp မှ လူငယ်လူရွယ် အားကစားသမားများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များကို ပြသခဲ့ပြီး စာအုပ်ပြပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။ ထို့နောက် အင်းတော်မြို့နယ် မြို့နယ်ပညာရေးမှူး ဦးဝင်းသိန်းက ကျောင်းသားအားကစားပွဲတော် ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်မြင့်မြင့်စန်းက အားကစားသမားများတွင်ထားရှိရမည့် စိတ်ဓာတ်အကြောင်းအရာများကိုလည်းကောင်း၊ အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ကုဋေသန်းသန်းဌေး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်များတွင်ရှိရမည့် ဗလငါးတန်နှင့်စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။ ၎င်းနောက် မြို့နယ်ပညာရေးမှူး၊ မြို့နယ်အားကစားမှူး၊ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိတို့က သက်ဆိုင်ရာအားကစားနည်းများအလိုက် ထောက်ပံ့အားကစားပစ္စည်းများကို အားကစားသမား လူငယ်လူရွယ်များထံသို့ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းအသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ အင်းတော်မြို့နယ် မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အင်းတော်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးနှင့်ဝန်ထမ်းများ၊ အားကစားနည်းပြများ၊ Youth Camp မှ အားကစားသမား လူငယ်လူရွယ်များအင်အား (၅၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သီဟ