မုံရွာ၊ အောက်တိုဘာ ၂၇
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်းသည် ယနေ့နံနက် ၁၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နိုင်ငံရေးပါတီ ၅ ပါတီမှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များအား တွေ့ဆုံ၍ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ၏ ပါတီဝင်အင် အားစာရင်းများ မှန်ကန်မှုရှိစေရေး ဥပဒေနှင့်အညီ စီစစ်မှုအခြေအနေများ၊ ရွေးကောက်ပွဲ ဆိုင်ရာများနှင့် စပ်လျဉ်းပြီး ပါတီဝင်အင်အားများ စုဆောင်းမှုကအစ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများအပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ထူထောင်ဆောင်ရွက်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများ ဖြစ်လာစေရေး ကြိုးပမ်း ဆောင်ရွက်ရန်နှင့် ပါတီဝင်အင်အားစာရင်းများအား ပူးပေါင်းအဖွဲ့ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိ ဦးကိုကိုဦးက နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား စာရင်းများမှန် ကန်စေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ပါတီအလိုက်အင်အားစာရင်းများ စစ်ဆေးဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နေမှုနှင့် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး က ပါတီဝင်များအနေဖြင့် မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ၊ နိုင်ငံ့ဝန်ထမ်းပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့်ပတ်သပ်၍လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးက နိုင်ငံသားအမှတ် ကိုက်ညီမှု ရှိ/မရှိ၊ အသက်(၁၈)နှစ်မပြည့်သူပါဝင်မှု ရှိ/မရှိ၊ နိုင်ငံသားအဖြစ်ခံယူထားသူ မှန်/မမှန်တို့နှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ပါတီဝင်အင်အားစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများ သည် မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြသလ္လာခန်းမတွင် ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများက နိုင်ငံရေးပါတီ များ၏ ပါတီဝင်အင်အား စာရင်းများမှန်ကန်စေရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ စသည့် နိုင်ငံရေးပါတီ ၅ ပါတီမှ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ် ပါတီကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)