ဘားအံ အောက်တိုဘာ ၂၇
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါး ၄၂၇၁၃၉ ဧက စိုက်ပျိုးထားပြီး ကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြုအလွှာလိုက်ခွဲခြားပြုစု၍ ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် စံကွက်ပေါင်း ၃၃၂၁ ကွက်ရိတ်သိမ်းမည်ဖြစ်ကြောင်း အောက်တို ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၄ နာရီခန့်က ဘားအံမြို့နယ် လှိုင်ကမ္ဘာကျေးရွာအုပ်စု၊ တဝန်တာကျေးရွာ၊ ဦးပိုင်အမှတ်-၂၄၄၊ ကွင်း အမှတ် -၁၁၉၂(က)ရေတံခွန်းကွင်းရှိ တောင်သူ ဦးဟုတ်ရှိန်၏ ဆင်းသုခမျိုးစေ့ထုတ် (၄ ဒဿမ ၂၀) ဧကစိုက်ခင်း၌ ကရင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် စံကွက်ရိတ်သိမ်းပွဲမှ သိရသည်။
စံကွက်ရိတ်သိမ်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တောင်သူလယ်သမားများ၏ လူနေမှုဘဝ တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးသီးနှံများ၏ အထွက်နှုန်းတိုးတက်မြင့်မားရန် လိုအပ်ပြီး စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ စွမ်းပကားတိုးတက်မှုအခြေအနေကို သီးနှံအလိုက်၊ မျိုးကွဲအလိုက် အထွက်နှုန်းများတိုင်းတာစိစစ်ရကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်ဖက်တွင်သီးနှံအထွက်နှုန်း မြင့်မားရေးကို ဆောင်ရွက်နေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း သီးနှံများ တိုးတက်စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးရေး၊ စိုက်ပျိုးရေရရှိရေး၊ သီးထပ်သီးညှပ်တိုးမြှင့်စိုက်ပျိုးရေး တို့ကို တောင်သူများဆောင်ရွက်နိုင်ရန် ကူညီခြင်း၊ ထောက်ပံ့ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူလယ် သမားများနှင့် ရပ်မိရပ်ဖများအပါအဝင်တာဝန်ရှိသူအားလုံးနှင့် ပြည်သူတစ်ရပ်လုံး စိုက်ပျိုးရေးကဏ္ဍမြင့်မားလာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် တောင်သူ လယ်သမားများ၏လူနေမှုဘဝတိုးတက်မြင့်မားပြီး စားရေရိက္ခာ ဖူလုံကာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ဦးဇော်မိုးအောင်က စံကွက်ရိတ် သိမ်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူးနော်သူးလေထီးက သီးနှံအထွက်နှုန်း တိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တစ်ဧကအထွက်နှုန်းမှန်ကန်စွာရရှိရေးအတွက် စိုက်ပျိုးပြီးစီးသည့် မိုးစပါးဧကများ အနက် ကိုယ်စားအလွှာ(ကောင်း)ကို ကိုယ်စားပြုသောဆင်းသုခမျိုးစေ့ထုတ်မိုးစပါးစိုက်ခင်းကို (၆ ဒသမ ၆ ပေ x ၆ ဒသမ ၆ ပေ) ပတ်လည် ဧရိယာ ၀ ဒသမ ၀၀၁ ဧက စံကွက်သုံးကွက်အား လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တောင်သူများက မိုးစပါးစံကွက်ရိတ်သိမ်းရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး အစိုတစ်ဧကအထွက်နှုန်း ၉၂ ဒဿမ ၃၈ တင်း ထွက်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)