ရေကြည် အောက်တိုဘာ ၂၇
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က ရေကြည်မြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် မြို့မဈေးတွင်မီးဘေးကြိုတင်ကာကွယ် ရေးအသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးက မီးဘေးကြိုတင် ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ရေကြည်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးနိုင်က မီးဘေးအန္တရာယ် ပေါ်ပေါက်လာ ပါက အရေးပေါ်အသုံးပြုနိုင်ရန် မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးချိပ်၊ မီးကပ်၊ ရေပုံးများ၊ သဲအိတ်များ ထားရှိရေးနှင့် မီးဘေးအန္တရာယ် အထူးဂရုပြုလိုက်နာဆောင်ရွက်သွားရေး အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာရုံးများတွင် အများဆုံးဖြစ်ပွားတတ်သည့် လျှပ်စစ် ဝါယာကြိုးမှ တစ်ဆင့် မီးလောင်မှုများမဖြစ်ပေါ်စေရေး၊ မီးသတ်ဆေးဘူးများထားရှိစေရေးတို့ကို လည်း တာဝန်ခံ ဦးကျော်ကျော်ဝင်းမှ ပြောကြားခဲ့သည်။
ဆက်လက်၍ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အမြန်ဆုံးမီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူး အသုံးပြု၍ ငြှိမ်းသတ်နည်းများကို မီးသတ် တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။