တိုင်းဒေသကြီး ဝန်ကြီးချုပ် သတ္တမအကြိမ် သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်းအခမ်းအနားတက်ရောက်အားပေး

ပုသိမ် အောက်တိုဘာ ၂၇

သတ္တမအကြိမ်သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်းအခမ်းအနား ယမန်နေ့ နံနက်ပိုင်းက  ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။

ဉီးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်က “နိုင်ငံတဝှမ်းတွင် မှီတင်းနေထိုင်ကြသည့် ပြည်သူလူထု တစ်ရပ်လုံး အခြေခံကျန်းမာရေးလိုအပ်ချက်များ ပြည့်မှီစေရန်အတွက် နိုင်ငံတော်အစိုးရနှင့် ကျန်းမာရေး ဝန်ကြီးဌာနက အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်မှန်းချက်များ၊ မူဝါဒများ နည်းလမ်းများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ကျန်းမာရေးကဏ္ဍသည်လည်း အရေးကြီးဆုံးဖြစ်သည်နှင့်အမျှ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်သော မျိုးချစ်စိတ်ဓာတ် ပြည့်ဝသော နိုင်ငံအကျိုးပြု ဝန်ထမ်း ကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အန္တိမ ရည်မှန်းချက်မှာ လူတိုင်းကျန်းမာစွာဖြင့် သက်တမ်းစေ့နေနိုင်ရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းရေးပင်ဖြစ်ပါကြောင်း၊  သူနာပြု-သားဖွား ပညာရေးများ စဉ်ဆက်မပြတ်တိုးတက်နေ သည့်လမ်းကြောင်းကို ခေတ်နှင့်အညီ ရင်ဘောင်တန်းပြီး နိုင်ငံတော်ကချီးမြှင့်လမ်းဖွင့်ပေး ထားသည့် သူနာပြုသိပ္ပံဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ သူနာပြုပါရဂူဘွဲ့များကို ရရှိနိုင်ရေး ဆက်လက်ကြိုးစား ဆည်းပူးသွားကြဖို့ကိုလည်း တိုက်တွန်းမှာ ကြားလိုပါကြောင်း၊ နိုင်ငံတော်၏ ကျန်းမာရေးလိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိပြီး စွမ်းဆောင်ရည်ပြည့်ဝ သော ကျန်းမာရေးလူ့စွမ်းအား စုများအဖြစ် အားကိုးအားထားထိုက်သော သူနာပြု၊ သားဖွားကောင်းများ ပေါ်ထွန်းလာစေရန် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားကြစေလို ကြောင်း” တိုက်တွန်း အမှာစကားများပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများနှင့် အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ သည်။ သတ္တမအကြိမ်သူနာပြု- သားဖွားဒီပလိုမာ အောင်လက်မှတ် အပ်နှင်းခြင်းအခမ်းအနားတွင် သင်တန်းသား၊ သင်တန်းသူ (၉၅)ဦးအား အောင်လက်မှတ်များ ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပုသိမ်မြို့၊ ပိတောက်ချောင်းကုန်း ကျေးရွာရှိ ရတနာအလင်းရောင် (YGW) မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ သွားရောက်၍ ကလေးငယ်များအား ပြုစုစောင့်ရှောက်မှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များက  ကလေးငယ်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ပြီး ကလေးငယ်များအားပြုစု စောင့်ရှောက်ပေးနေမှုအခြေအနေများအား မေးမြန်းခဲ့ကာ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ကျောင်းတွင် ကလေးငယ်(၃၁)ဦးနှင့် ကျောင်းနေအရွယ်ကလေး (၁၇၆)ဦးအား ပြုစုစောင့်ရှောက်ပေးလျက် ရှိကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)