မြိတ် အောက်တိုဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး ၊ အရည်အသွေးပြည့်ဝ ထက်မြက်စေရေးနှင့် ခေတ်နဲ့အညီတိုးတက်ပြောင်းလဲလာသည့် မီးသတ်ပညာရပ်များကို မီးသတ်တပ်ဖွဲ့ဝင်တိုင်း သိရှိနားလည်တတ်မြောက်စေရန်အတွက် ဖွင့်လှစ်လျက်ရှိသော အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၃)ကို ယနေ့နံနက်(၁၀)နာရီက မြိတ်ခရိုင်မီးသတ်စခန်း၌ သင်တန်းဆင်းခဲ့သည်။
အဆိုပါသင်တန်းကို အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရာ၌ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား သိရှိနားလည်ပြီး သန္ဓေတပ်ဖွဲဝင်များနှင့်အတူ စနစ်တကျဖြင့် လုပ်ငန်းကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းဆင်းပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းထူးချွန်ဆုရရှိကြသော သင်တန်းသားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထူးချွန်ဆုတံဆိပ်များနှင့် ဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးစန်းဦးက ပေးအပ်သည်။
အဆိုပါသင်တန်းကို မြိတ်မြို့နယ်အတွင်းရှိ အရန်တပ်ရင်းများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀၀)ဦး တက်ရောက်ခဲ့ကြပြီး မီးသတ်ပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို သင်တန်းကာလရက်သတ္တ(၄)ပတ်ကြာ စာတွေ့လက်တွေ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)