ပုသိမ် အောက်တိုဘာ ၂၇
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော ပုသိမ်မြို့ ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတားအလျား (၅၃၀)ပေ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ပိုင်းက ဈေးချောင်းလမ်းနှင့် ဥမ္မာဒန္တီလမ်းကြားရှိ အဆိုပါဆိပ်ခံတံတား၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပုသိမ်မြို့ကမ်းနားလမ်းသည် ယခင်က ဈေးချောင်း လမ်းထိပ်မှစ၍ တစ်လမ်သွားစနစ်ဖြင့်သာ အသုံးပြုနိုင် သော်လည်း နောက်ပိုင်းတွင် နှစ်လမ်းသွား အသုံးပြုနိုင်ရန်အတွက် လမ်းတိုးချဲ့ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းများ ဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ ဆက်လက်ပြီး မြို့နေပြည်သူများ အပန်းဖြေခြင်း၊ အနားယူခြင်း၊ လမ်းလျှောက်ခြင်းများနှင့် ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ် နိုင်ရန်အတွက် နှစ်စဉ်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆိပ်ခံတံတားအား တိုးချဲဆောင်ရွက်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းများ ဖွံ့ဖြိုးသည့် တိုင်းဒေသကြီးဖြစ်၍ ကမ်းနားလမ်းများ သန့်ရှင်းသပ်ရပ်လှပစေရန်နှင့် ကမ်းနားလမ်းကြံ့ခိုင်စေရန်အတွက်လည်း တပါတည်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ကမ်းနားတိုးချဲ့ဆိပ်ခံတံတား သန့်ရှင်းသာယာရေးနှင့် ရေရှည်တည်တံ့စေရေး ဝိုင်းဝန်း ထိန်းသိမ်းပေးကြစေလိုကြောင်း” အမှာစကားများ ပြောကြားသည်။
ဆက်လက်၍ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက ပုသိမ်မြို့ကမ်းနားလမ်းတိုးချဲ့ ဆိပ်ခံတံတား တည်ဆောက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဆိပ်ခံ တံတားဖွင့်ပွဲတွင် အထိမ်းအမှတ်လက်ဆောင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် သည် တာဝန်ရှိသူများနှင့် အတူ ဆိပ်ခံတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ပုသိမ်မြို့ ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတားအားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
ပုသိမ်ကမ်းနားတိုးချဲ့ဆိပ်ခံတံတား ဆောင်ရွက်ခြင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အလျား (၄၈၀) ပေ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အလျား (၁၁၀)ပေ တိုးချဲ့နိုင်ခဲ့ပြီး ယခု၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်(၂)နှစ်ပေါင်း၍ အလျား (၅၃၀)ပေ ဆောင်ရွက် ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)