အုတ်တွင်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် ပဲလွန်းမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲဆောင်ရွက်

အုတ်တွင်း အောက်တိုဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း မိုးစပါးများအထွက်နှုန်းကောင်းစေရန်၊ မျိုးကောင်းမျိုးသန့်စပါးမျိုးများ စိုက်ပျိုးထားမှုအပေါ်အထွက်နှုန်းသိရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက နတ်စဉ်ကုန်းကျေးရွာအုပ်စု၊ နတ်စဥ်ကုန်းကျေးရွာ၊ တောင်သူဦးတင်အုန်း၏ ထိုင်းနှံကောက်မိုးစပါး(၁၅)ဧကတွင် စံကွက်ရိတ်သိမ်းဆောင်ရွက်ခဲ့သည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းဆောင်ရွက်ရာသို့ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးညီညီနှင့်ကော်မတီဝင်များက  တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး တစ်ဧကလျှင် စပါးအစို အထွက်တင်း(၁၃၅)တင်း ထွက်ရှိကြောင်း သိရသည်။

ဆက်လက်၍ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြိုနယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများထံသို့ ပိုက်ဆံလျှော်မျိုးစေ့နှင့် ပဲလွန်းမျိုးစေ့များကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီထံမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)