စလင်းမြို့နယ်၌ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများမှ မှရိုးကုန်းကျေးရွာအုပ်စုအား ဆက်လက် ထုတ်ချေးပေး

စလင်း  အောက်တိုဘာ  ၂၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ  မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၁၀)မှ မှရိုးကုန်းကျေးရွာအုပ်စု စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ တောင်သူဦးကြီးများအတွက် ၂၀၂၃ခုနှစ် ဆောင်းရာသီ သီးနှံစိုက်ပျိုးရန် စိုက်ပျိုးစရိတ် ချေးငွေများကို အောက်တိုဘာ (၂၇)ရက်နေ့ နံနက်ပိုင်းက စတင် ထုတ်ချေးပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးရာတွင် တောင်သူများအား ဒီဇင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး တစ်ဧကလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ထုတ်ပေးလျက်ရှိရာ အတိုးနှုန်းအနေဖြင့် ငွေကျပ်တစ်ရာလျင် ငါးကျပ်နှုန်းဖြင့် သီးနှံပေါ်ချိန် သတ်မှတ်ကာလတွင် အရင်းအတိုးနှင့်တကွ ပြန်လည် ပေးဆပ်ရမည်ဖြစ်သည်။

စလင်းမြို့နယ် ​မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မှရိုးကုန်းကျေးရွာအုပ် စုတောင်သူ (၂၆၅)ဦးတို့၏ ဆောင်းသီးနှံဖြစ်သည့် မြေပဲ (၁၃၆၈)ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေ (၁၃၆၈)သိန်းကို ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း ကျန်ရှိနေသေးသည့် ကျေးရွာများကိုလည်း ရက်သတ်မှတ်၍ အလှည့်ကျ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရှိရသည်။

(မောင်လွင်)စလင်း