ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၃) ကျင်းပ

လွိုင်ကော် အောက်တိုဘာ ၂၇

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ်(၄/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြင့်တင်ရေးအတွက် မူဝါဒများချမှတ်ပြီး ရန်ပုံငွေများခွင့်ပြုပေးခြင်း၊ MSMEs လုပ်ငန်းများကိုအားပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကယားပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSMEs လုပ်ငန်းများတွင် အဓိကအားဖြင့် ပိုမိုရင်းနှီးမြှုပ်နှံအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရာတွင် ထုတ်လုပ်မှုအရည်အသွေးမီရန်၊ တင်ပို့ရောင်းချမှု စနစ်တကျရှိရန်၊ ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများက ကြီးကြပ်ရန်လိုအပ်ကြောင်း၊ ခေတ်မှီမွေးမြူရေးလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံနိုင်ရန် ဦးစားပေးဖိတ်ခေါ်ရန်လိုအပ်ကြောင်း၊ ဒေသထွက်ကုန်များနှင့်ပတ်သက်၍ အဆင့်မီမီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်တွင် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုအား တွေ့ဆုံဝန်ဆောင်မှုပေးခဲ့မှု၊ Blue Spring Company Limited က ဟိုတယ်တည်ဆောက်ရေးကာလအား တတိယအကြိမ် သက်တမ်းတိုးမြှင့်ခွင့်ပြုရန်တင်ပြလာမှု၊ အကျိုးတူလယ်ယာစနစ်ဖြင့် ပြောင်းနှင့်ဆီနေကြာ စိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် Treasure Corn Agri Company Limited နှင့် Treasure Corn Company Limited တို့မှ အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းအပေါ် အတည်ပြုမိန့်အသစ် ခွင့်ပြုပေးနိုင်ရေးတို့ကို ကော်မတီအတွင်းရေးမှူး ဦးစစ်အောင်က တင်ပြဆွေးနွေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အကျိုးတူလယ်ယာစနစ်ဖြင့် ပြောင်းနှင့် ဆီနေကြာ စိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် လျှောက်ထားလာသော Treasure Corn Agri Company Limited နှင့် Treasure Corn Company Limited အား အတည်ပြုမိန့်ပေးအပ်ခဲ့ရာ အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

၎င်းနောက် ကော်မတီအဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက်ဆောင်ရွက်နေမှု အခြေအနေများကိုတင်ပြခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး  ပြည်နယ်ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)