ကျိုက်လတ်၌ စက်သုံးဆီဆိုင်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျိုက်လတ် အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သော‌ကြောင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များအား ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် စက်သုံးဆီသိုလှောင်ထားရှိမှု အခြေအနေများကို ကျိုက်လတ်မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဖွံ့ဖြိုးအောင် စက်သုံးဆီဆိုင်နှင့် သာမညဖြိုး စက်သုံးဆီဆိုင်တို့သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ်(ပြန်/ဆက်)