ကြံခင်းမြို့၌ မြို့နယ်လူမှုဖူလုံရေးရုံးနှင့် ဆေးပေးခန်းအဆောက်အဦ ဆောက်လုပ်မှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ကြံခင်း အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး ဒုတိယညွှန်ကြားရေးမှူးဦးရဲဇော်ဝင်းသည် ကြံခင်းမြို့နယ် လူမှုဖူလုံရေးရုံးနှင့် ဆေးပေးခန်းအဆောက်အဦ ဆောက်လုပ်မှုကို ယမန်နေ့နံနက်ပိုင်းက အဆိုပါအဆောက်အဦ ဆောက်လုပ်သည့်နေရာသို့ ကွင်းဆင်း ကြည့်ရှူစစ်ဆေးခဲ့သည်။ 

ထိုသို့စစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇော်ဝင်းက ကြံခင်းမြို့နယ် လူမှုဖူလုံရေးရုံးနှင့် ဆေးပေးခန်း အဆောက်အဦ ဆောက်လုပ်မှုအားမြို့နယ် အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်နှင့် တာဝန်ရှိသူများ၊ မြို့နယ်လူမှုဖူလုံရေးဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးနိုင်တို့နှင့် အတူ (AUNG  HTIKE  SAN  Co.Ltd) ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသော (၂၅)ရာခိုင်နှုန်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါအဆောက်အဦသည်(၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်ငွေလုံး ငွေရင်းတည်ဆောက်ရေး ရန်ပုံငွေ ကျပ်(၁၆၉.၄၇၃)သန်းကျော်ဖြင့် အလျား(၃၂)ပေ၊ အနံ(၅၄)ပေ၊ အမြင့်(၂၄)ပေ (RC)နှစ်ထပ် အမျိုးအစား ဆောက်လုပ်နေခြင်းကို (AUNG  HTIKE  SAN  Co.Ltd) ကုမ္ပဏီအင်ဂျင်နီယာ ဦးခန့်မော်ရှိန်   ကဆောက်လုပ်ပြီးစီးမှုများ၊  ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒုတိယညွှန်ကြားရေးမှူးနှင့် မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူ တို့က ဆောက်လုပ်လျက်ရှိသော လုပ်ငန်းအခြေအနေများနှင့် ထပ်မံဆောင်ရွက်ရန် ကျန်ရှိမှုအားစစ်ဆေးပြီး အချိန်မှီပြီးစီးရေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များ ညွှန်ကြားပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)