ဟုမ္မလင်း အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံအဖွဲ့နှင့် ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်း၍ အောက်တိုဘာ ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်က ဟုမ္မလင်းမြို့နယ်၊ ထမံသီကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးရုံး၌ အယ်နီညိုရာသီဥတုကြောင့် ဖြစ်စဥ်အပေါ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆင်ကာကွယ်ဆောင်ရွက်မည့် နည်းလမ်းများနှင့် သီးနှံစိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးသီးနှံကာကွယ်ရေးတာဝန်ခံ ဦးမြင့်လွင်မှ အယ်နီညိုဖြစ်စဥ်ကြောင့် ပိုးမွှားရောဂါကျရောက်မှုအပေါ် ကာကွယ်နှိမ်နင်းနည်းများ၊ စစ်ကိုင်းမြို့နယ်ဦးစီးမှုးရုံးမှ ဦးအောင်မျိုးထွန်းက သဘာဝပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲနည်းများ၊ ဟုမ္မလင်းမြို့နယ်
ဦးစီးမှုးဒေါ်စုစုထွေးက ထမံသီဒေသရှိလက်ဖက်နှင့် နှစ်ရှည်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်ရေး၊ ဒု-လ/ထဦးစီးမှူး ဦးအောင်ညွှန့်ကြည်က ကော်ဖီစိုက်ပျိုးထုတ်လုပ်နည်းများအသိ ပညာပေးဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာတာဝန်ရှိသူများက ပြန်လည်းဖြေကြား ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ တောင်သူများအား တိုင်းဒေသကြီးသီးနှံကာကွယ်ရေးတာဝန်ခံမှ ပညာပေး လက်ကမ်းစာစောင်များနှင့် ပိုးဖမ်းထောင်ချောက် Yello Sticker/ Blue Sticker များ၊ ဟုမ္မလင်းမြို့ နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးအပြီးသီးထပ်စိုက်ပျိုးရန် ရေဆင်းစပ်မျိုး ၁ နေကြာမျိုးစေ့ ၅ ဧကစာ၊ ရေဆင်း- ၁၁ ပဲတီစိမ်း ၅ ဧကစာ နှင့် အိမ်ခြံဥယျာဥ်များတွင်စိုက်ပျိုးရန် ဟင်းသီးဟင်ရွက်မျိုးစေ့ ၂၀၀ ထုတ်ကို တောင်သူများထံပေးအပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသကြီးသီးနှံကာကွယ်ရေးတာဝန်ခံ ဦးမြင့်လွင်၊ စစ်ကိုင်းမြို့နယ် ဦးစီးမှုးရုံးမှ ဦးအောင်မျိုးထွန်း၊ ဟုမ္မလင်းမြို့နယ်ဦးစီးမှုး ဒေါ်စုစုထွေးနှင့်ဝန်ထမ်းများ၊ ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာအုပ်စု၊ စွယ်တော်ကုန်း၊ ဆန်စက်ကုန်း၊ ရွာသစ်ကျေးရွာများမှ တောင်သူ (၉၂) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)