၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲလက်မှတ်များ ပြည်စုံမှန်ကန်မှုရှိစေရေး စိစစ်ဆောင်ရွက်

ပဲခူး အောက်တိုဘာ ၂၁


ပဲခူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မဲလက်မှတ်များ ပြည်စုံမှန်ကန်မှုရှိစေရေး စိစစ်ဆောင်ရွက်ခြင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် အစုအဖွဲ့များဖြင့် စိစစ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဆန္ဒမဲလက်မှတ်များ စိစစ်ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ပဲခူး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ပေးပို့လာသော ဆန္ဒမဲလက်မှတ်များတွင် အရေအတွက် ပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ ဆန္ဒမဲလက်မှတ်များတွင် ပယ်မဲဖြစ်စေနိုင်သည့် အစွန်းထင်းများ ပါရှိမှုရှိ/မရှိ၊ ဆန္ဒမဲလက်မှတ်များတွင် ပုံနှိပ်ထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်၊ ပါတီအမည် မှန်ကန် မှုရှိ/မရှိ၊ ဆန္ဒမဲလက်မှတ် အမှတ်စဉ်ကျော်လွန်မှုရှိ/မရှိ စသည့်အချက်များအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာများမှ စုပေါင်းဆောင်ရွက်လျက်ရှိသည်။
ပဲခူးမြို့နယ်တွင် မဲရုံပေါင်း ၂၀၆ ရုံ ရှိကာ၊ ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ ၃၉၆၇၁၁ ဦးခန့်ရှိပြီး တိုင်းရင်းသား မဲဆန္ဒရှင် ၁၁၆၃၉ ဦးခန့်ရှိကာ ၂၀၂၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင် ပဲခူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာများသို့ ပါတီ(၉)ခုမှ ကိုယ်စားလှယ်လောင်း (၃၉) ဦးက ဝင်ရောက်ယှဉ် ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
သဲစု(ပြန်/ဆက်)