ဟားခါး အောက်တိုဘာ ၂၆
ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၀/၂၀၂၃)ကို အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ပြည်နယ်စားသုံးသူရေးရာကော်မတီအနေဖြင့် အသိပညာပေးလုပ်ငန်းအပြင် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် အသိအမှတ်ပြုပါကြောင်း၊ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ အန္တရာယ်ဖြစ်စေသည့် သက်တမ်းလွန်အစားအစာများနှင့် ကုန်အညွှန်းအမှတ်အသား ပါရှိခြင်းမရှိသည့် အစားအစာနှင့်ဆေးဝါးများ ရောင်းချခြင်းမရှိစေရေး အလေးထားစစ်ဆေးရန်နှင့် သက်တမ်းလွန်အစားအစာနှင့် ကုန်အညွှန်းအမှတ်အသားများမပါသော အစားအစားများ ရောင်းချနေခြင်းကို တွေ့ရှိပါက လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဦးလှမိုးနိုင်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်စားသုံးသူကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်နိုင်မှုအပေါ် လိုအပ်သည်များ အကြံပြုဖြည့်စွက်ကြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )