မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

ပိုင်ကျုံ၊ အောက်တိုဘာ   ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ များနှင့်ပတ်သက်ပြီး ပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်‌နော်ခူးခူးကမူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး  ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်က ပိုင်ကျုံ မြို့အတွင်းရှိ လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တိုက်ဖျက်ရာတွင် ပူးပေါင်း ဆောင်ရွက်ရမည့်အချက်များ၊ ပြည်သူများသိသင့်သိထိုက်သော မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ ဗဟု သုတများကို ဆွေးနွေးခဲ့သည်။ ထို့နောက် ပိုင်ကျုံနယ်မြေရဲ စခန်းမှ ဒု-ရဲအုပ်သန်းနိုင်၀င်းက မူးယစ် ဆေးဝါးဆိုင်ရာ ဥပဒေများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများနှင့် အိမ်တွင်း အကြမ်ဖက်မှုများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူ့စာကြည့်တိုက် ခေတ္တပိတ်ထားသည့် အချိန်တွင် ပြည်သူများနှင့်ကလေးလူငယ်များအနေဖြင့် စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်းမရှိသော်လည်း Talk Show အစီအစဉ်၊ စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်များ၊ ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပန်းချီဆွဲခြင်း၊ စက္ကူခေါက်ပြခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်နှင့် ပြည်သူများသိသင့်သည့် အသိပညာပေးလုပ်ငန်းများ၊ ဒေသဆိုင်ရာသတင်းအချက်အလက်များကို IPRD Paingkyone Page နှင့် ပိုင်ကျုံမြို့ပြည်သူ့စာကြည့်တိုက် Pageတို့တွင် Online မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)