ဖျာပုံမြို့၌ စံချိန်တင် မိုးရွာသွန်းမှုကြောင့် မြို့တွင်းလမ်းများ၊ အိမ်များရေနစ်မြုပ်မှုများ ဖြစ်ပေါ်

ဖျာပုံ   အောက်တိုဘာ      ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် ယမန်နေ့ည သန်းခေါင်အချိန်အထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိ နေအိမ်အချို့ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး သွားလာမှုခက်ခဲနေကြောင်း သိရသည်။

ဖျာပုံမြို့နယ်အနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်​ကြားမှုဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီခွဲထိ တိုင်းထွာချက်များအရ မိုးရေချိန် စံချိန်သစ်ဖြစ်သော (၁၀.၆၃)လက်မအထိ မိုးထစ်ချုန်း ရွာသွန်းခဲ့ကြောင်း၊ ဖျာပုံမြို့နယ်အတွင်းရှိ ပြည်သူများ အထူးသတိပြု၍ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်စေရန် ကြိုတင်ကာကွယ်ထားရှိမှုများ ပြုလုပ်ထားကြောင်း၊ မြို့နယ်အတွင်း ယနေ့နံနက်ပိုင်းမှစ၍ ရေများပြန်လည်ကျဆင်သွားပြီဖြစ်ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်    (ခရိုင်ပြန်/ဆက်)