မုံရွာ အောက်တိုဘာ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲ၏ အယ်နီညိုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးကဏ္ဍ အပေါ် သက်ရောက်မှုအား ကြိုတင်ကာကွယ်ရန်နှင့် ရင်ဆိုင်ဖြေရှင်းရမည့် နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်း တိုင်းဒေသကြီး သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမြင့်က အဖွင့်အမှာ စကားပြောကြားပြီး တိုင်းဒေသကြီး မြေမျိုးပိုးရုံးမှ တိုင်းမြေအသုံးချရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ထွေးဝင်းက အယ်နီညိုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးကဏ္ဍ အပေါ် သက်ရောက်မှုအား ကြိုတင်ကာကွယ်ရန်နှင့် ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် အထူးအလေးထား၍ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို လက်ဆင့်မျှဝေပေးနိုင်အောင်ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ် ပို့ချပေးရခြင်းဖြစ်ကြောင်းနှင့် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီး သဘာဝမြေဩဇာနှင့် အသိပညာပေးလက်ကမ်းစာစောင်များကို တိုင်းဒေသကြီး သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမြင့်ထံသို့ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းမြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်ထွေးဝင်းက မြေအသုံးချရေးနည်းပညာ များနှင့် အယ်နီညိုရာသီဥတုနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ရာ ပုံမှန်မဟုတ်သည့် မိုးလေဝသဖြစ်စဉ်ကြောင့် သီးနှံများပျက်စီး အထွက်နှုန်းအရည်အသွေးကျဆင်းမှုမဖြစ်စေရေး ကြိုတင် ဆောင်ရွက်ကြရန်၊ မြေဆီလွှာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ကြရန်နှင့် ရေစုဆောင်းခြင်းနှင့် ရေချွေတာသုံးစွဲရေးနည်းလမ်းများ၊ မြေဆီလွှာအစိုဓာတ်ထိန်းသိမ်းနိုင်မည့် သဘာဝမြေဆွေးများ အသုံးပြုခြင်း၊ ရေငွေ့ပျံမှုကို လျှော့ချနိုင်မည့် မြေလွှာဖုံးနည်းစနစ်များ အသုံပြုခြင်း၊ သစ်စိမ်းမြေဩဇာများ စိုက်ပျိုးထည့်သွင်း အသုံးပြုခြင်းအားဖြင့် မြေဆီလွှာ အာဟာရပြည့်ဝစေပြီး သီးနှံဖွံ့ဖြိုးကြီးထွားကာ ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိမည် ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပို့ချခဲ့သည်။
ထို့နောက် တိုင်းမြေအသုံးချရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ဖြူဇာဝင်းက သဘာဝမြေဩဇာအမျိုးမျိုး ပြုလုပ်သုံးစွဲနည်းများနှင့် အကျိုးကျေးဇူးများ ကို အသေးစိတ်ပရိုဂျက်တာဖြင့် ပြသရှင်းလင်းပို့ချပေးခဲ့သည်။
အဆိုပါ သင်တန်းသို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တောင်သူ စုစုပေါင်း(၈၀)ဦး တက်ရောက်ကြပြီး သိလိုသည်များကို ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး တိုင်းမြေအသုံရေးဌာနခွဲမှ တာဝန်ရှိသူများက မြေနမူယူခြင်းနှင့် မြေဆီလွှာ ဓာတ်ခွဲသေတ္တာ ကိုင်တွယ်အသုံးပြုနည်း၊ မြေချဥ်ငံ တိုင်းကိရိယာအသုံးပြု၍ မြေ၏ချဥ်ငံကိန်းကို လက်တွေ့ တိုင်းတာပြသခြင်းကို တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)