ပန်းတောင်း အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ကြံခင်းမြို့နယ်မှတစ်ဆင့် ပန်းတောင်းမြို့နယ်၊ မင်းရပ်ရပ်ကွက် ပန်းတောင်း-တောင်ကုတ်လမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ယမန်နေ့ညနေက ရောက်ရှိလာကာ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ရုံးအဆောက်အဦအတွင်း၌ ဝန်ထမ်းများအားပြန်ကြားရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့်အညီ ပြည်သူများကို အသိပညာဗဟုသုတများတိုးပွားအောင် ဆောင်ရွက်ရန်မှာ မိမိတို့ဝန်ထမ်းတိုင်း၏တာဝန်ဖြစ်ကြောင်း၊ မိမိတို့ရုံးများတွင် စာကြည့်တိုက်၊ စာဖတ်ခန်းများဖွင့်လှစ်ထားပြီး စာဖတ်သူများတိုးပွားလာစေရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လူငယ်ရေးရာအသိပညာဗဟုသုတ တိုးပွားရေး၊ ပြည်သူများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ဝန်ထမ်းများ အထွေထွေဗဟုသုတရရှိစေရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ နိုင်ငံတော်အစိုးရမှထုတ်ဝေသော သတင်းစာများ အချိန်မှီစာဖတ်သူလက်ဝယ်ရောက်ရှိအောင် ပြန်လည်ဆောင်ရွက်ကြရန် ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန်စသည်ဖြင့် မှာကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)