ပေါင်းတည် အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပန်းသင်းပင် သစ်တောကြိုးဝိုင်း မြေဧရိယာအတွင်း သစ်တောပယ်ဖျက်ပြီး လယ်ယာမြေများအား တောင်သူများထံ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ပေးအပ်ပွဲကို ယနေ့ ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ပထမဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုဥက္ကဋ္ဌဦးစိုးမြင့်လှိုင်က သစ်တောကြိုးဝိုင်းမြေဧရိယာမှ ပယ်ဖျက်မြေများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ အကျယ်တဝံ့ဆွေးနွေးမှာကြားသည်။ ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူးဦးရဲဝင်းက လယ်ယာမြေလုပ်ပိုင်ခွင့်ပြု ပုံစံ ၇ နှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များနှင့် အခွင့်အရေးဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့နှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးမှူးတို့က တောင်သူများအား လယ်ယာမြေလုပ်ခွင့်လက်မှတ်ပုံစံ ၇ များအား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပေးအပ်ပွဲ၌ တောင်သူ ၁၅၅ ဦးအတွက် စပါးစိုက်ပျိုးမြေ ၅၁၃ ဧက၊ ဦးပိုင်ပေါင်း ၂၇၃ ဦးပိုင်အားပေးအပ်ခဲ့ရာ ကျေးရွာ ၄ ရွာမှ တောင်သူကိုယ်စားလှယ်က တက်ရောက်လက်ခံရယူခဲ့ကြကြောင်း သိရသည်။
သူရကြီး ( ပြန်/ဆက်)