ပွင့်ဖြူမြို့နယ်၌ ဒေသတွင်း စားနပ်ရိက္ခာဖူလုံ ပိုလျှံစေရေးအတွက် ဒေသခံတောင်သူများ ဆောင်းသီးနှံများ စတင်စိုက်ပျိုး

ပွင့်ဖြူ  အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ ဒေသခံကျေးလက်နေ တောင်သူများက စက်တင်ဘာလ ဒုတိယပတ်က ရွာသွန်းသည့် မိုးဖြင့် ဆောင်းသီးနှံအဖြစ် ဆီထွက်သီးနှံများ ဖြစ်သည့် နေကြာ၊ မြေပဲနှင့် နှမ်းသီးနှံများကို စတင် စိုက်ပျိုးနေကြကြောင်း သိရကာ ယနေ့အထိ ဆီထွက်သီးနှံစုံဧက ၁၈၀၂၄ ဧက စိုက်ပျိုး ပြီးစီးသွားပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ မြေပဲ၊ နှမ်းသီးနှံများကို မိုးရာသီနှင့် ဆောင်းရာသီ သီးနှံစိုက်ပျိုးချိန်များတွင် စီးပွားဖြစ် စိုက်ပျိုး လုပ်ကိုင်ကြကြောင်းနှင့် ပန်းနှမ်းသီးနှံအား ဆောင်းသီးနှံအဖြစ် အားထား စိုက်ပျိုးကြကြောင်း သိရသည်။ ဆီထွက်သီးနှံများတွင် နေကြာသီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ အခြားသီးနှံများထက် စိုက်ပျိုးစရိတ် အကုန်အကျ သက်သာပြီး သီးနှံဝင်ငွေ ပိုမိုရရှိသဖြင့် ဒေသခံတောင်သူများက မိုးနေကြာနှင့် ဆောင်းနေကြာ သီးနှံစိုက်ပျိုးရေးကို ပိုမို စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။ ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီအတွက် ဆီထွက်သီးနှံစုံ စိုက်ပျိုးခြင်းကို သတ်မှတ် လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် စက်တင်ဘာလ ဒုတိယပတ်က ရွာသွန်းသည့် မိုးဖြင့် စတင်စိုက်ပျိုးခဲ့ကြပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံ ကွင်းဝန်ထမ်းများက ဆောင်းသီးနှံ စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး  သီးနှံအထွက်နှုန်း တိုးတက်စေရေးအတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့် စိုက်ပျိုးရေး နည်းပညာများကို ပံ့ပိုးကူညီ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၃ -၂၀၂၄ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံ နေကြာ ၁၂၈၀၅ ဧက၊ မြေပဲသီးနှံ ၂၉၃၈ ဧက၊ နှမ်းသီးနှံ ၆၃၁၃ ဧက၊ ပန်းနှမ်း ၁၂၇ ဧက၊ စုစုပေါင်း ဆီထွက် သီးနှံစုံ ဧက ၂၂၁၈၃ ဧက လျာထား စိုက်ပျိုး ဆောင်ရွက်သွားမည် ဖြစ်ကာ ယနေ့အထိ မြေပြင်စိုက်ပျိုး ပြီးစီးမှု နေကြာသီးနှံ ၁၀၂၅ ဧက၊ မြေပဲသီးနှံ ၁၂၅၇ ဧက၊ နှမ်းသီးနှံ ၁၅၇၄၂ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံ ၁၈၀၂၄ ဧက စိုက်ပျိုးဆောင်ရွက် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရကာ အခြား ဆောင်းသီးနှံ စိုက်ပျိုးရေး လုပ်ငန်းကိုလည်း သတ်မှတ် လျာထားဧက ပြည့်မီရေးအတွက် ဒေသခံ တောင်သူများက ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)