ကြံခင်း အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်အဆင့်၊ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ(၂၄)ရက်နေ့၊ နံနက်(၈)နာရီအချိန်က ခုံကြီးကျေးရွာအုပ်စု၊ သရက်စမ်းကျေးရွာ၊ စိတ္တလတောင်ဘုန်းတော်ကြီးကျောင်းတွင် ဒေသနေပြည်သူများဖြင့် တွေ့ဆုံပွဲပြုလုပ်ကြသည်။
ရှေးဦးစွာ စိတ္တလတောင်ကျောင်းဆရာတော် ဘဒ္ဒန္တဝိစိတ္တအား ဆန်၊ ဆီနှင့်လှူဖွယ်ဝထ္ထုများ ဆက်ကပ်ပြီး ဒေသနေပြည်သူများဖြင့် တွေ့ဆုံရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်က နယ်မြေလုံခြုံတည်ငြိမ်အေးချမ်း ရေးသည် အဓိကကျပါကြောင်း သို့မှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှာဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းဖြစ်သော စိုက်ပျိုးရေးကဏ္ဍ ဆောင်ရွက်နိုင်မှာဖြစ်သလို ကျန်းမာရေး၊ လူမှုရေးကဏ္ဍ၊ ပညာရေးကဏ္ဍများဖွံဖြိုးရေး ပိုမို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားပြီးနောက်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းက ဒေသတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးအား ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းက မြန်မာနိုင်ငံသား ဖြစ်လျှင် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁) မျိုးကိုင်ဆောင်ရမည်ဖြစ်ရာ အသက်(၁၀)နှစ်ပြည့် မှတ်ပုံတင်ကတ်အသစ် ဆောင်ရွက်ပေးခြင်း၊ မှတ်ပုံတင်အဟောင်းများအား လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုစာရင်း(၆၆/၆) တို့အား မြို့နယ်(လ.ဝ.က)မှ ဒေသနေပြည်သူများထံ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ဒေသနေပြည်သူများဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားသည်။ ယင်းနောက်တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများက လမ်းပန်းဆက်သွယ်ရေး၊ ရေရှိရေး၊ ပညာရေးကဏ္ဍအလိုက် ပြောကြားပြီး တက်ရောက်လာကြသော ဒေသနေပြည်သူများ၏ တင်ပြချက်များအား ဝန်ကြီးနှင့် အဖွဲ့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြပြီး သရက်စမ်း (အ.မ.က) ကျောင်းအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ဝန်ကြီးနှင့် အဖွဲ့က မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာ ဝင်းနိုင် ဦးဆောင်သော ရွေ့လျားဆေးကုသပေးနေခြင်းနှင့် တစ်ဦးချင်းလက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်း၊ သရက်စမ်းဆင်စခန်းဝန်ထမ်းများအား ဆန်၊ ဆီ၊ ဆားများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အလားတူဝန်ကြီးနှင့် အဖွဲ့သည် ခုံကြီးကျေးရွာအုပ်စု၊ လက်ပံကွင်းကျေးရွာဘုန်းတော်ကြီး ကျောင်းတွင်လည်းကောင်း၊ ပိုးစုကြီးကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း ဒေသခံပြည်သူများဖြင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပေါင်းစပ်ဆောင်ရွက်ပေးပြီး တောင်သူများအား ဆီထွက်သီးနှံ ဆောင်းနေကြာဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေး မှာကြားပြီး နေကြာမျိုးစေ့များပေးအပ်သည်။ ယင်းနောက် ခုံကြီးကျေးရွာအုပ်စု (အ.ထ.က) ခွဲ မြောင်ကြီး ကျောင်းနှင့် ပိုးစုကြီးကျေးရွာအုပ်စု (အ.မ.က) ကျောင်းများအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဗလာ စာအုပ်များ လှူဒါန်းပေးခြင်း၊ ရွေ့လျားဆေးကုသအဖွဲ့မှ ဆေးကုသပေးခြင်းနှင့် အခြေခံ စားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းအား ကြည့်ရှုအားပေးခဲ့ သည်။
ထို့နောက်ဝန်ကြီးနှင့် အဖွဲ့သည် ညနေ(၆)နာရီ မိနစ်(၂၀)တွင် ပုသိမ်-မုံရွာလမ်းအတိုင်း ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)