ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၏ အသိပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပ

မော်လိုက် အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ လစဉ်ပြုလုပ်သော ခရိုင်အဂတိလိုက်စားမှုတား ဆီးကာကွယ်ရေးအဖွဲ့၏ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့မွန်းလွှဲ(၂)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဆွေးနွေးဟောပြောပွဲတွင် ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အဖွဲ့ဝင် ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မော်မော်သန်းက အဂတိလိုက်စားရခြင်း အကြောင်းအရင်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားပြီး အဖွဲ့ဝင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ကြည်က စာရေးဆရာ ဦးဇော်ဌေး(ယဉ်ကျေးမှု)ရေးသားသော အဂတိလိုက်စားမှု ကင်းရှင်းရေးဆောင်းပါးအား ရှင်းလင်း ဆွေးနွေးပြောကြားသည်။ ယင်းနောက် အဖွဲ့ဝင် ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်မင်းသော် ကအဂတိလိုက်စားမှုနှင့် ပတ်သက်၍ အတွေ့အကြုံများနှင့်နှိုင်းယှဉ်၍ အကြံပေးရှင်းလင်းဆွေးနွေး ခဲ့သည်။

အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)