တောင်ငူ၌ (၆၂) ကြိမ်မြောက် သံဃမဟာပဝါရဏာပွဲတော်ကြီး ကျင်းပနိုင်​ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တတိယအကြိမ်ကျင်းပ

တောင်ငူ အောက်တိုဘာ ၂၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့တွင် (၆၂)ကြိမ်မြောက် သံဃမဟာပဝါရဏာပွဲ​​​တော်ကြီးကျင်းပနိုင်ရေးအတွက် တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ရုံး၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆိုကာ ဘုရားကန်တော့ဖွင့်လှစ်သည်။ ဆက်လက်၍ အစည်းအ​ဝေးအားကျင်းပရာ သံဃမဟာပဝါရဏာပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်က  ပဝါရဏာလောင်းလှူရေးကိစ္စနှင့် ပတ်သက်၍ လိုအပ်လျက်ရှိသည့် လုပ်ငန်းကိစ္စများအား လမ်းညွှန်မှာကြားသည်။

ထို့နောက် သံဃမဟာပဝါရဏာပွဲတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် အတွင်းရေးမှူး ဦးယဥ်ဌေးတို့က ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများနှင့် ဆောင်ရွက်ရန် ကျန်ရှိသောလုပ်ငန်းများ၊ လောင်းလှူရေး လုပ်ငန်းစဉ်များတွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စများအား အသီးသီးတင်ပြဆွေးနွေးကြသည်။

ယင်းနောက် ဆပ်ကော်မတီအလိုက်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများအား တင်ပြဆွေးနွေးကြသည်။ အဆိုပါ တင်ပြဆွေးနွေးမှုများအပေါ် သံဃမဟာပဝါရဏာပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့် တာဝန်ရှိသူများက ဖြည့်စွက်မှာကြားပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံစိရံတိဌတု”  သုံးကြိမ်ရွတ်ဆိုကာ ဘုရားကန်တော့၍  ရုပ်သိမ်းခဲ့သည်။

နှစ်စဥ်ဝါလကင်းလွတ်သီတင်းကျွတ်ကာလ၌ တောင်ငူမြို့နယ်အတွင်း သံဃမဟာပဝါရဏာပွဲတော်ကြီးကို အစဥ်အမြဲကျင်းပလျက်ရှိရာ ယခုနှစ်တွင် (၆၂) ကြိမ်မြောက်အဖြစ်  သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကျင်းပဆောင်ရွက်မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်ကြီးများ၊ သံဃာတော်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို သီတင်းကျွတ်လပြည်နေ့၌ မြို့လုံးကျွတ် လောင်းလှူပူဇော်မည်ဖြစ်သည်။ ထို့ပြင် သီတင်းကျွတ်လပြည့်နေ့  ည (၆) နာရီခွဲတွင် တောင်ငူမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဆီမီးကိုးထောင်ကပ်လှူပူဇော်မှုများ ပြုလုပ်မည်​ဖြစ်ပြီး မြန်မာ့ယဥ်ကျေးမှု ထုံးတမ်းအစဥ်အလာများကို မပျောက်ပျက်စေဘဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)