ကံမမြို့ မြို့နယ်ဂုဏ်ဆောင် ကျွန်းနက်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ပူဇော်နိုင်ရေး ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ကံမ အောက်တိုဘာ ၂၅

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊  ကံမမြို့နယ်၊   ထန်းတောကျေးရွာအုပ်စု၊ သပြင်ဆောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌  ကျွန်းနက်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ပူဇော်နိုင်ရေး (ဒုတိယအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်းအနားကို  ယမန်နေ့ နေ့လယ်(၁)နာရီက  အဆိုပါဘုန်းတော်ကြီးကျောင်းဝန်း ဓမ္မာရုံ၌  ကျင်းပပြုလုပ်ခဲ့ရာ  မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်သံဃာတော်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အလှူငွေပေးအပ်ပွဲ အခမ်းအနားအား  နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ ကျီးမီး(အရှေ့ကျောင်း)ဆရာတော်ထံမှ     ငါးပါးသီလ    ခံယူဆောက်တည်ကြသည်။      

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့်အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက အလှူငွေများ ပေးအပ်ရာ   ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု( ၃ )ကြိမ်  ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)