စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုး အားကစားနှင့် ကာယပညာ သိပ္ပံ (မုံရွာ)၌ ကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းအခမ်းအနားသို့တက်ရောက်

မုံရွာ အောက်တိုဘာ ၂၅

ပြန်ကြား‌ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ) တို့ ပူးပေါင်းပြီး လူငယ်မောင်မယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာဗဟုသုတများ တိုးပွားရရှိနိုင်စေရေး၊ အသိပညာများ မျှဝေပေး နိုင်စေရေးတို့အတွက် ရည်ရွယ်ပြီး ကျင်းပသော လူငယ်စကားဝိုင်း အခမ်းအနားကို ယ‌နေ့ နံနက်(၉)နာရီခွဲအချိန်က အားကစားနှင့်ကာယပညာ သိပ္ပံ(မုံရွာ)ကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုး၊ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ ကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ) ကျောင်း ကျောင်းအုပ်ကြီး ဦးကျော်ကျော် နှင့် တာဝန်ရှိသူများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ)ကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ လူငယ်စကားဝိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက “ဒီနေ့ လူငယ်စကားဝိုင်းကို.. အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။ ယနေ့အချိန်မှာ နိုင်ငံတော် အစိုးရက လူငယ်တွေရဲ့ အခန်းကဏ္ဍကို အလေးထား ဆောင်ရွက်တဲ့အနေနဲ့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို သီးသန့် ဖွဲ့စည်းထားပါတယ်။ ဒီဝန်ကြီးဌာနရဲ့ အောက်မှာပဲ လူငယ် ရေးရာဦးစီးဌာနကိုလည်း သီးခြားဖွဲ့စည်းထားပြီးတော့ လူငယ်ရေးရာနဲ့ ပတ်သက်တဲ့ မူဝါဒတွေး ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ်တွေကို ချမှတ်ထားပါတယ်။ ဝန်ကြီးဌာနရဲ့ ရည်မှန်းချက်တွေထဲမှာ လူငယ်တွေဟာ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုတဲ့ ဗလငါးတန် ဖွံ့ဖြိုးလာစေဖို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။ လူငယ်ကဏ္ဍ (၁၆)ခုမှာလည်း ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးနှင့် အခြားဘေး ဖြစ်စေတတ်သည့် အန္တရာယ်များ၊ အားကစားနှင့် အပန်းဖြေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း၊ စီးပွားရေး၊ နိုင်ငံရေး၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှု၊ သူတေ သန၊ သိပ္ပံနှင့်နည်းပညာ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေး၊ ကျားမ  ညီမျှမှု၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။ ၂၀၂၀ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ လူငယ်အစီရင်ခံစာအရဆိုရင် အသက် ၁၅ နှစ်နဲ့ ၂၄ နှစ် အတွင်းရှိ လူငယ်ဦးရေဟာ ၁.၂ ဘီလျံကျော်ရှိပါတယ်။ ဒါဟာ ကမ္ဘာ့လူဦးရေရဲ့ (၁၆)ရာခိုင်နှုန်း ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေ မှာတော့ လူငယ်အသက် သတ်မှတ်ချက်ကို အသက်(၁၅)နှစ်မှ (၃၅)နှစ်အတွင်းကို သတ်မှတ်ထား ပါတယ်။ ဩဂုတ်လ(၁၂)ရက်နေ့ကိုလည်း နိုင်ငံတကာ လူငယ်များနေ့အဖြစ် သတ်မှတ်ပြီး လူငယ်ရေးရာနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ၊ လှုပ်ရှားမှုတွေ၊ ဆွေးနွေးပွဲတွေကျင်းပလေ့ရှိတာ တွေ့ရှိရမှာဖြစ်ပါတယ်။ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသကဲ့သို့ နောင်ကျရင် နယ်ပယ် အသီးသီးမှာ ဦးစီးဦးဆောင် ပြုရမယ့်သူတွေ ဖြစ်လာကြမှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ လူငယ်ဘဝက သင်ယူသင့် သင်ယူထိုက်တာတွေကို သင်ယူခဲ့ကြမှသာ အရည်အချင်းရှိတဲ့ ဦးဆောင်သူတွေ ဖြစ်လာကြမှာ ဖြစ်ပါတယ်။ အရည်အချင်းရှိသူ ဖြစ်မှသာ မိမိအကျိုး၊ မိမိ ပတ်ဝန်းကျင်အကျိုး၊ မိမိလူ့အဖွဲ့ အစည်းရဲ့အကျိုးကို သယ်ပိုးနိုင်သူတွေ ဖြစ်လာနိုင်မှာ ဖြစ်ပါ တယ်။ လူငယ်တွေမှာ အနာဂတ်အတွက် စိတ်ကူးစိတ်သန်းတွေ၊ စိုးရိမ်မှုတွေ၊ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ ကိုယ်စီရှိနေကြမှာ ဖြစ်ပါတယ်။ စိတ်ကူး စိတ်သန်းတွေ၊ အိပ်မက်တွေကို လက်တွေ ဘယ်လို အကောင်အထည် ဖော်ကြမလဲဆိုတာ စာအုပ်စာစောင်တွေကို ဖတ်ရှုခြင်း၊ အတွေ့အကြုံရှိသူတွေကို မေးမြန်းခြင်းကနေ ရရှိနိုင်သလို.. လူငယ်အချင်းချင်း တိုင်ပင်ဆွေးနွေး ခြင်းတို့ ကနေလည်း ရရှိနိုင်ပါတယ်။ တိုင်ပင်ဆွေးနွေးခြင်း၊ အမြင်ခြင်း ဖလှယ်ခြင်းဟာ အတွေး အမြင်တွေကို ပိုမိုကျယ်ပြန့်လာစေနိုင်ပါတယ်။ အတွေးအမြင် ကျယ်ပြန်လာခြင်းဟာ အောင်မြင်မှု ပန်းတိုင်ဆီ ချီတက်ရာမှာ လိုအပ်ချက်တစ်ခုဖြစ်ပါ တယ်။ ဒီနေ့ လူငယ်စကားဝိုင်း.. ကျင်းပရတာဟာလည်း ဒါတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ.. တစ်နည်းတစ်လမ်းအားဖြင့် အထောက်အကူပြု စေနိုင်ဖို့လည်း ရည်ရွယ်ပါတယ်။

သု-စီ-ပု-ဘာ-ဝိ-လိ-သိ-ဓာ၊ အက္ခရာစွဲသုံး ဤရှစ်လုံးကို သီကုံးပန်းသွင် နေ့တိုင်ဆင်လော့ ဆိုတဲ့ အတိုင်း လူငယ်တွေဟာ ကြားနားခြင်း၊ ကြံစည်ခြင်း၊ မေးမြန်းခြင်း၊ ပြောဆိုခြင်း၊ စူးစမ်း ဆင်ခြင်ခြင်း၊ ရေးသားခြင်း၊ လေ့ကျင့်ခြင်း၊ နှုတ်ငုံဆောင်ခြင်းတို့ကိုလည်း လိုက်နာ ဆောင်ရွက် ကြဖို့ လိုပါတယ်။ ဒါတွေဟာ လူငယ်တွေအတွက် တန်ဖိုးဖြတ်လို့မရတဲ့ ဆုံးမစကားတွေဖြစ်ပြီး တော့ လက်တွေ့လုပ်ဆောင်ကြဖို့ပဲ လိုအပ်တာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ လူငယ်တွေကို တန်ဖိုးရှိတဲ့ လူသားအရင်းအနှီးတွေအဖြစ် မျှော်မှန်းပြီး ပြုစုပျိုးထောင်ပေးနေတာဖြစ်ပါတယ်။ လူငယ်တွေ ကိုယ်တိုင်ကလည်း မိမိကိုယ်မိမိ တန်ဖိုးရှိတဲ့ လူသားတွေဖြစ်အောင် ကျင့်ကြံ ကြိုးကုတ် အားထုတ်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မိမိကိုယ်ကို ကောင်းအောင်ကြိုးစားခြင်းဟာ မိမိပတ်ဝန်းကျင်အတွက်ရော၊ မိမိနိုင်ငံ၊ မိမိလူ့အဖွဲ့အစည်းအတွက်ပါ ကောင်းအောင် ကြိုးစားနေခြင်းဖြစ်တယ်ဆိုတာကို သတိပြုဆောင်ရွက် ကြပါလို့ တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် လူငယ်မောင်မယ်များက တစ်ဦးချင်း မိတ်ဆက်ကြပြီးလူငယ်မောင်မယ်()ဦးက “လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် နည်းပညာ” စသည့်ခေါင်းစဥ်များဖြင့် အသီးသီးပါဝင် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် လူငယ်မောင်မယ်များက ပြန်လည်မေးမြန်းမှုများကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့် ပါဝင်ဆွေးနွေးခဲ့ကြသည့် လူငယ်မောင်မယ်(၄)ဦးတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဖြေကြားပေး ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်ကျင်းပြသထားသော စာအုပ်ပြပွဲအား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)